နေပြည်တော် စက်တင်ဘာ ၅

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် သိပ္ပံဉာဏ်ရည် (AI) နည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက် ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်ခန်းမ၌ ကျင်းပသည်။

ဉီးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မိမိတို့တက္ကသိုလ်အနေဖြင့် ခေတ်မီစိုက်ပျိုးရေးပညာရပ်များ တိုးမြှင့်လေ့လာ သင်ကြားသင်ယူရေးအပြင် ဆက်စပ်သိပ္ပံပညာရပ်များကို မျက်ခြေမပြတ် သိရှိလေ့လာ နေရန်လိုကြောင်း၊ သိပ္ပံဉာဏ်ရည် (AI) နည်းပညာ အပါအဝင် အခြားနည်းပညာများလည်း လျင်လျင်မြန်မြန် ပြောင်းလဲတိုးတက် လာလျက်ရှိရာ နည်းပညာ တစ်မျိုးနှင့်တစ်မျိုး ချိတ်ဆက်နေပြီး စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုများတွင် သိပ္ပံဉာဏ်ရည် (AI)နည်းပညာသည်လည်း မဝေးတော့သောအနာဂတ်တွင် အရေးပါလာမည် ဖြစ်၍ ယနေ့ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နည်းပညာရပ်များကို ဆွေးနွေးပွဲတွင် ဆွေးနွေး ပြီးရုံမျှမက မိမိတို့လက်လှမ်းတစ်မီ ဆက်လက်လေ့လာသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် သိပ္ပံဉာဏ်ရည် (AI) နည်းပညာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန  ပါမောက္ခ ဒေါက်တာရာဇာဟိန်း က ဗဟုသုတနှင့် နည်းပညာစီမံမှုတွင် သိပ္ပံဉာဏ်ရည် (AI)အား အသုံးပြုခြင်း ကိုလည်းကောင်း ၊ ပါမောက္ခဒေါက်တာညိုမာထွေး က အဆင့်မြင့်ပညာရေး စိုက်ပျိုးရေးနယ်ပယ်များတွင် သိပ္ပံဉာဏ်ရည် (AI)၏ အခန်းကဏ္ဍနှင့် လိုက်နာသင့်သည့် ကျင့်ဝတ်ဆိုင်ရာများ ကိုလည်းကောင်း ၊ ဥယျာဉ်ခြံသီးနှံပညာဌာန ပါမောက္ခ ဒေါက်တာ စောထိုလွီထူး က နိုင်ငံတကာအလေ့အကျင့်ကောင်းများ၊ တက္ကသိုလ်တွင် သိပ္ပံဉာဏ်ရည် (AI)အား စနစ်တကျ အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးကြသည်။

ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများက သိပ္ပံဉာဏ်ရည် (AI)အသုံးပြုမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး လက်တွေ့ သရုပ်ပြခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမ ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၊ စုဝေးဆောင်ခန်းမတွင် စီမံကိန်းဦးစီးဌာနက ကျင်းပသော စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေး ဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ် များ မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စွန့်ပစ်အမှိုက်မှသည် သဘာဝမြေဆွေးရရှိရေး တို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်