စိုးတင့်(ဧရာဝတီ) အမျိုးသားစာပေဆုရှင်(၂၀၂၁)

ကိုဗစ် - ၁၉ ရှောင်ရင်း နေပြည်တော်မှာ မိသားစုနှင့် နေတာကြာလာတော့ ဦးဖိုးထောင် ပျင်းလာသည်။ အလုပ်တစ်ခုခုရှာကြံပြီး စူးစူးစိုက်စိုက်လုပ်တတ်သူအဖို့ ဘယ်မှမသွားရတာက မျောက်ကိုကြိုးတုပ်ထားသလိုဖြစ်နေသည်။ ကိုဗစ်ဖြစ်ပွားမှုနှုန်းနည်းလာပြီး လူတိုင်းနီးပါး ကာကွယ်ဆေး၊ ထပ်ဆောင်းကာကွယ် ဆေးများထိုးထားတော့ ဖြစ်ပွားမှု သေဆုံးမှုမရှိသလောက်နည်းလာရာ လူတွေစားဝတ်နေရေးအတွက် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး အစိုးရအဖွဲ့ဝင်ဝန်ကြီးများပင် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကွင်းဆင်းကြပ်မတ်နေပြီဖြစ်ရာ ဦးဖိုးထောင်လည်း မိသားစုနှင့် တပည့်များအတွက် ပစ်ထားသော စီးပွားရေးလုပ်ငန်းများအား ပြန်လည်လုပ်ကိုင်ရန် ပြင်ဆင်ရပါတော့သည်။

မှတ်မှတ်ရရ ပစ်ထားသော ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ဇုန်(၂)ရှိ ၁၀ ဧက ကျယ်ဝန်းသောခြံကို လည်လည်ပတ်ပတ်ရှိသော တူတော်မောင် ဇော်မျိုးလတ်တို့လင်မယားအား ပေါင်းသင်မြက်ရှင်း အပင်စိုက်လုပ်ငန်းများ ၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်၍ လုပ်ခိုင်းထားသည်။ ဒေါ်ဆောင်းကတော့ ငွေကြေးအကုန်အကျများ၍ သိပ်မလုပ်ချင်၊ ဦးဖိုးထောင်အတွေးကတော့ ရန်ကုန်နှင့် အနီးဆုံး လမ်းတွေ၊ မီးတွေ၊ ဆက်သွယ်ရေးစနစ်တွေ ထည့်သွင်း၍ အကွက်ကျကျ တည်ဆောက်ပေးထားသော အထူးစိုက်ပျိုးမွေးမြူရေးဇုန်အား စားရေး သောက်ရေးအတွက် မဖြစ်မနေလုပ်သင့်သည်၊ သူ့ခေတ်ရောက်လာလိမ့်မည်ဟု ကျိန်းသေတွက်ထားရာ စိတ်ကူးနဲ့သိန်း ၅၀ ကျော် အကုန်အကျခံ ရှင်းလင်းပြီး ပုံဖော်စိုက်ပျိုးလျက် ရှိနေပါတော့သည်။

ဦးဖိုးထောင်ထင်သည့်အတိုင်းပင် နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေး၊ မွေးမြူရေး တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများကို အထူးအားပေးလာရာ ညောင်နှစ်ပင်ဇုန်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာပါသည်။

၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင် တူတော်မောင်က “ဦးလေး...ညောင်နှစ်ပင်ဇုန်က စားပင်သောက်ပင်တွေ မဖြစ်မနေ အပြည့်စိုက်ရမယ်။ အသုံးမဝင်တဲ့ အော်ရေးရှားပင်တွေ၊ အာဆီယံသပြေတွေ ခုတ်ရမယ်။ နာမည်ပြောင်းရင် တရားဝင်ခွင့်ပြုမယ်။ တစ်ဧကခြောက်သိန်းသွင်းရမယ်။ နောက်ဆုံး အခြေအနေစိစစ်ပြီး ပိုင်ရှင်စာအုပ်အသစ် ပြန်လုပ်ရမယ်။ စည်းကမ်းမလိုက်နာပါက သိမ်းမယ်လို့ စာထွက်ထားတယ်။ တကယ်လည်း သိမ်းဖို့လုပ်နေတယ်။ တချို့ဘာမှမလုပ်တဲ့ ခြံတွေဆို “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင်မြေ” ဆိုပြီး ဆိုင်းဘုတ်တွေ ရဲနဲ့ ဇုန်တာဝန်ရှိသူတွေက လိုက်ထူနေတာ တွေ့ရတယ်။ ကျွန်တော်တို့လည်း လုပ်စရာရှိတာလုပ်မှဖြစ်မယ်။ တော်ကြာသိမ်းတဲ့အထဲပါသွားမှာ စိုးရိမ်နေရတယ်”ဟု ပြောလာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က အဖြစ်အပျက်များ ဦးဖိုးထောင် ခေါင်းထဲတွင် စုံစီနဖာပေါ်လာပါတော့သည်။ 
 
ညောင်နှစ်ပင်ဇုန်ဖြစ်တည်လာမှု

ညောင်နှစ်ပင်ကို မူလက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၊ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌတိုင်းမှူး ဗိုလ်ချုပ်ခင်မောင်သန်းက စတင်စီမံလုပ်ကိုင်ခဲ့တာဖြစ်သည်။ မူလက ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ကြက်မွေးမြူရေး အထူးဇုန်ဟု ခေါ်တွင်ခဲ့ပါသည်။ စီမံကိန်းကို ၂၀၀၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့တွင် စတင်ခဲ့ပါသည်။ မှော်ဘီလှည်းကူးမြို့နယ်ရှိ ကွင်း ၁၁ ကွင်း၊ စားကျက်မြေ ၅၀၁၅ ဧက၊ မြေရိုင်း ၄၀၀၃ ဧက စုစုပေါင်း ၉၀၁၈ ဧကတွင် အကောင် အထည်ဖော်တာဖြစ်ပြီး စိုက်ပျိုးရေးအတွက် အကွက်ပေါင်း ၁၂၀၄ ကွက် ၆၀၇၅ ဧက၊ မွေးမြူရေး အတွက် အကွက် ၃၀၀ ဧက ၁၅၀၀ အင်းမြေ၊ ရွာမြေ ၁၄၄၃ ဧက စုစုပေါင်း ၉၀၁၈ ဧက ဖြစ်ပါ သည်။ ရန်ကုန်မြို့လယ်နှင့် ၁၉ ဒသမ ၅ မိုင် အကွာ မှာရှိပြီး လမ်း၊ ရေ၊ မီး၊ ဆက်သွယ်ရေးများနှင့် နိုင်ငံတကာအဆင့်မီ တွက်ချက်အကောင်အထည် ဖော်ခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။

စီမံကိန်း၏ ရည်ရွယ်ချက်

ရည်ရွယ်ချက်မှာ ရန်ကုန်မြို့နေပြည်သူများ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သား၊ ငါးများ စားသုံးနိုင်ရန်၊ မြို့တော်အခွန်လွတ်ဈေးများတွင် စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ရန်၊ နိုင်ငံခြားဈေးကွက်ဝင် ဟင်းသီးဟင်းရွက်၊ သားငါးများ ထုတ် လုပ်နိုင်သည်အထိ ဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းရှင်များ ဝင်ငွေတိုးရန်တို့ ဖြစ်ပါသည်။

ကြေညာချက်

၁။    စိုက်ပျိုးမွေးမြူမြေ (၅)ဧက အခမဲ့ပေးမည်။

၂။    လမ်းဖောက်၊ ဂဝံခင်း၊ လျှပ်စစ်မီးလိုင်းနှင့် မီးရရှိရေးအတွက် ကိုယ်အားကိုယ်ကိုး ၍ သတ်မှတ်ငွေပေးသွင်းရမည်။

၃။    စားဖိုဆောင် သီးနှံနှင့် ဟင်းသီးဟင်းရွက်၊ ကြက်များကိုသာ စိုက်ပျိုးမွေးမြူရမည်။

၄။    နှစ်ရှည်ပင်အား ခြံစည်းရိုးပတ်လည်တွင်သာ စိုက်နိုင်သည်။ အကွက်အလယ်၌ လုံးဝမစိုက်ရ။ ခြံစည်းရိုးတွင် ဆူးပုပ်၊ ကင်ပွန်းရှည်၊ သပြေ၊ ပြည်ပန်းညို၊ ဒန့်သလွန်၊ ကြောင်လျှာ၊ သံပရာ၊ ရှောက်၊ ကျွဲကော၊ လိမ္မော်၊ ကွမ်းသီး၊ ငှက်ပျော၊ သင်္ဘော စသည့် အပင်လတ် အုပ်စုများ သာ စိုက်ရမည်။

၅။    စည်းကမ်းမပျက် စိုက်ပျိုးနေသည့် ကာလပတ်လုံး ရာသက်ပန် လုပ်ကိုင် ခွင့်ပေးမည်။ တစ်ရာသီတွင် ၅၀ ရာခိုင်နှုန်းပြည့်အောင် မစိုက်ပါက သတိပေးမည်။ တစ်နှစ်ပတ်လုံးမစိုက်ပါက ပြန်သိမ်းမည်။ ငွေပြန်မအမ်းပါ။

၆။    ဇုန်ကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ညှိနှိုင်းသည့်ကိစ္စမှအပ သီးနှံနှင့် ကြက်သားများကို ပြည်တွင်းပြည်ပသို့ လွတ်လပ်စွာ ရောင်းချနိုင်သည်။

၇။    စဉ်ဆက်မပြတ် ငါးနှစ်စိုက်ပျိုးပြီး လုပ်ကိုင်ခွင့် ပြောင်းလဲလိုပါက တည်ဆဲ မြေယာဥပဒေများနှင့်အညီ ပြောင်းလဲချထားခွင့်ပြုမည်။

၈။    နိုင်ငံခြားသားအား ရောင်းချခြင်း၊ မည်သည့်နည်းနှင့်မျှ ပိုင်ဆိုင်ခွင့် ပေးခြင်းမပြု (မပြု)။

၉။    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်စပ်သည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့် အား လျှောက်ထားပါက စိစစ်ခွင့်ပြုပေးမည်။

၁၀။    ဇုန်ကြီးကြပ်ရေးကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာ ဆောင်ရွက်ရမည်။ စည်းကမ်းပျက်ပါက မြေသိမ်းဆည်းခြင်းခံရမည်။

စနစ်တကျ အကောင်အထည်ဖော်နေသော ဇုန်စီမံကိန်းအား ဦးဖိုးထောင်တို့ အလွန်သဘော ကျခဲ့ပါသည်။ ဦးဖိုးထောင် ထိုအချိန်က တပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် အသည်းရောဂါကြောင့် နယ်ဘက်သို့ ရောက်စကာလ ဖြစ်ပါသည်။ မှတ်မှတ်ရရ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အထွေထွေမန်နေဂျာ ဘဝဖြင့် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ မရေရာလှသော ဘဝအချိုးအကွေ့များနှင့် ကြုံဆုံခဲ့ ပြီး ဘဝကြီးကို အမှုမဲ့အမှတ်မဲ့ မနေရဲတော့ပါ။ ညီငယ်များဖြစ်သော မောင်မောင်စိုး၊ ဝင်းမြင့်တို့နှင့် တိုင်ပင်ပြီး ညောင်ပင်နှစ်ပင်ဇုန်အနီး၊ သရက်ညိုပင် ရွာနားတွင် မြေများဝယ်ယူပြီး တပ်ထဲတွင်မိမိ အတွေ့အကြုံရှိခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပါသည်။
 
ထိုအချိန်က ထိုင်ဝမ်ဖရဲသီးတစ်လုံးကျပ် ၅၀၀ နဲ့ရောင်းရကြောင်း၊ အရင်းက ၁၅၀ ကျပ်တောင် မပြည့်ကြောင်း သိရသဖြင့် သေချာပေါက်မြတ်မှာဟု တွက်၍ စိုက်ခဲ့သော ဖရဲသီးမှာ တကယ်ထွက်သော အခါတွင် ကျပ် ၁၀၀ တောင်ပေးမယ့်သူမရှိ၍ လမ်းဘေးတွင်ဖြစ်သလို ချရောင်းခဲ့သလို အလုံရှိ သီရိမင်္ဂလာအသီးအရွက်ဈေးကြီးထဲရှိ ဒိုင်များထံသွင်းရာ အမျိုးမျိုးပညာပြနေ၍ လမ်းဘေးတွင် စွန့်လွှတ်စုပုံ ဖြစ်ခဲ့တာကိုလည်း မှတ်မိနေပါသည်။ မိမိတို့၏ ကမောက်ကမနိုင်သော စီးပွားရေး လုပ်ကွက်ကိုလည်း စိတ်ပျက်မိပါသည်။

ညီငယ်ဝင်းမြင့်၏ စိုက်ခင်းထဲရှိ တပည့်ကျော်မှာ ရွာထဲရှိ တစ်ခုလပ်ကလေး အမေလေးနှင့် ချစ်ကြိုက်နေရာ ပတ်ဝန်းကျင်သဘောမတူ ကဲ့ရဲ့၍ ချစ်သူနှစ်ဦး ပိုးသတ်ဆေး အတူတူသောက်ကာ တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ်ဖက်ပြီး သေပွဲဝင်ခဲ့ရတဲ့ ခေတ်သစ်ရိုမိယိုနှင့် ဂျူးလိယက် ဇာတ်လမ်းကလည်း လွမ်းဆွတ်ဖွယ်ရာ ဟိုးလေး တကျော် ဖြစ်ခဲ့ရပါသည်။

ပကတိ မြေရိုင်းတောအား ခက်ခက်ခဲခဲ ခုတ်ထွင်ရှင်းလင်းရခြင်း

နောက်ပိုင်းတွင် ညီငယ်နှစ်ဦးမှာ စိုက်ပျိုးရေးကို စွန့်ခွာသွားခဲ့သော်လည်း ဦးဖိုးထောင်မှာ မစွန့်လွှတ်နိုင်ခဲ့ပါ။ တစ်နေ့ ပြည်တွင်းရေကြောင်းမှ အင်ဂျင်နီယာကြီး ဦးလှက ညောင်နှစ်ပင်ဇုန်ဖော်တဲ့ အထဲမှာ သူတို့ဘိုးဘွားပိုင်မြေ ပါသွားသည်။ နိုင်ငံတော်က ပြန်ချပေးတဲ့အကွက်တွေ GM ကြီး ဝါသနာပါတယ်ဆိုလို့ စိုက်မလားဟု မေးလာရာ ဦးဖိုးထောင် မဆိုင်းမတွ သဘောတူခဲ့ပြီး ညောင်နှစ်ပင်ဇုန် (၂) ထဲသို့ ရောက်ခဲ့ရပြန်ပါသည်။

၂၀၀၁ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် မိမိရရှိသော ဇုန် (၂) M 5 လမ်းမကြီးပေါ်ရှိ C9 နှင့် C10 ကြား အကွက် ၁၀ ဧကအား သွားကြည့်ရာ လမ်းတွေမှာ မြေသားလမ်းတစ်ကြောင်းထိုးတွေသာ ဖြစ်သော်လည်း လေးထောင့်ကျကျ အကွက်ဖော်ထားတာ တွေ့ရသည်။ မီးတိုင်များ စိုက်ထူဆဲဖြစ်ပြီး လမ်းဆုံ တိုင်းတွင် ထရန်စဖော်မာများ ထိုင်ပေးထားပါသည်။ နွေအခါသာ သွားလို့ရပြီး မိုးအခါ (လုံးဝ) သွားလို့ မရပါ။ ရွှံ့ဗွက်များမှာ ဂဝံရွှံ့စေးမြေများဖြစ်ပြီး သွားလာရတာ အလွန်ခက်ခဲသည်။ မိုးတအားများလျှင် အကွက်များ ရေတစ်ပေခွဲခန့် မြုပ်နေပြီး ရေအကျစောင့်ရတာ တစ်ခါတလေ တစ်လလောက် ပင် ကြာတတ်ပါသည်။

ဦးဖိုးထောင်ရရှိသော ဇုန်(၂)ရှိ အကွက်အမှတ် (၅၁၉၊ ၅၂၀) မှာ မြေရိုင်းဖြစ်၍ သစ်ပင်များထူထပ်စွာ ပေါက်နေပါသည်။ တဲအိမ်အတွက် ရှင်းလင်းပြီး တစ်ကွက်စာကို လူအင်အား စက်ယန္တရား အားသုံး ၍ ခက်ခက်ခဲခဲလုပ်ရပါသည်။
တပည့်များဖြစ်သော အောင်သိန်းဇော်တို့ သားအမိ၊ ကိုကံလှ၊ ဟင်္သာတနယ်ဘက်မှ ကိုကြာညွန့် အဖွဲ့အားငှား၍ မြေယာရှင်းလင်းရေး လုပ်ရပါသည်။ သစ်ပင်များရှင်းလင်းခြင်း၊ အကွက်ဖော်ခြင်းကို သုံးလခန့် လုပ်ရပါသည်။ အကွက်ပေါ် သွားသော်လည်း သစ်ပင်များ စိုက်ပျိုးလို့မရပါ။ သစ်ငုတ်များ အမြစ်ပါ မကျန်အောင် တူးဖော်ခြင်းအား တစ်ငုတ် တူးဖော်က ၁၅ ကျပ်နှုန်းဖြင့် တူးဖော်ရပါသည်။ တစ်ကွက်လုံးအပြည့်ဖြစ်နေသော ခြောက်သွေ့နေသည့် သစ်ငုတ်သစ်မြစ်များမှာ နွေရာသီတွင် မီးလောင်ကျွမ်းရာ ခုနစ်ရက်ခန့် မီးသတ်လို့မရတဲ့ အထိ ဖြစ်ခဲ့ရပါသည်။

စိုက်၍ရသော အနေအထားရောက်သည်အထိ တစ်နှစ်ခန့် ကြာပါသည်။ အစကနဦးတွင် မြေရိုင်းဖြစ်ခြင်း၊ မီးများလောင်ကျွမ်းထားခြင်းတို့ကြောင့် မြေဩဇာဓာတ် အလွန်ကောင်းပါသည်။ ဘာပင်စိုက်စိုက် အဖြစ်မြန်ပါသည်။ ဦးဖိုးထောင်မှာ အကွက်အလယ်တွင် အိမ်ဆောက်၍ ခြံစည်းရိုး ပတ်ပတ်လည်တွင် ထီးရိုးဝါး၊ ဝါးနက်၊ ဝါးပိုးများ စိုက်ခြင်း၊ နှစ်ရှည်ပင်အဖြစ် ပိန္နဲပင်၊ သရက်ပင်၊ ခံတက်ပင်၊ အုန်းပင်၊ ဂွေးပင်၊ သစ်ဆိမ့်ပင်၊ မယ်ဇလီပင်၊ ဒန့်သလွန်၊ သီဟိုဠ်ပင်များစိုက်ပျိုးပြီး မူလ အလေ့ကျပေါက်နေသော ညောင်ချဉ်ပင်များ၊ ရင်းတိုက်ပင်များ၊ ဆီးဖြူပင်များအား ပြုစု ထိန်းသိမ်းထားပြီး ထူးထူးခြားခြားအဖြစ် မော်လမြိုင်မှ ကိုစန်းဌေးပို့ပေးသော ကျောက်စိမ်းမျိုး ကျွဲကောပင် ၅၀၊ ကံ့ကော်ပင်၊ သပြေပင်၊ ကရ‌ဝေးပင်၊ စောင်းလျားသီးပင်၊ သံပရာပင်၊ ဖန်ခါးပင်များအား စိုက်ပျိုးထားပါသည်။

ခြံလည်းရှင်းပြီး ကန်စွန်းလည်းရ

ထိုအချိန်က ကန်စွန်းပုံခြင်းမှာ အလွန်ခေတ်စားပါသည်။ မူလမြေအား ခြောက်ပေတွင် တစ်ပုံပတ်ပတ်လည် မြေကိုအပေါ်အောက်လှန်ပြီး သုံးပေအကျယ် တစ်ပေခွဲအမြင့်ရှိ မြေပုံများ ပုံပါ သည်။ ကန်စွန်းပုံရာတွင် သုံးသောပေါက်တူးမှာ အလျားတစ်ပေ အကျယ် ၁၀ လက်မခန့်ရှိပြီး အရိုးက အနည်းငယ်တိုပါသည်။ တော်တော်လေးပြီး သာမန်လူများမသုံးတတ်ပါ။ ထိုဒေသမှ ကျွမ်းကျင်သောအဖွဲ့ကိုခေါ်ပြီး ပုတ်ပြတ်ခိုင်းရပါသည်။ မူလမြက်ပင်များ ပေါက်နေသောမြေကြီးကို ပုံတဲ့သူက ပေါက်ပြားနှင့်ရှပ်ပေါက်၍ ထွက်လာသော မြေအချပ်လိုက်အား ပြောင်းပြန်လှန်၍ ချပါသည်။ မြက်ပင်များ မြေအောက်ရောက်သွားပြီး မြေပုံတွေပဲ ညီညီညာညာ ပေါ်လာပါသည်။ ခြံရှင်းရန်သက်သာပြီး မြေဩဇာဓာတ်ကို မြက်ပင်အဆွေးများမှ ပြန်ရသည်ဟု ဆိုပါသည်။ သူ့အရပ်နဲ့ သူ့ဇာတ် အလုပ် ဖြစ်နေပါသည်။ အပုံလုပ်ပြီးပါက အညွန့် ၁၀၀ ကို ၂၅ ကျပ်ပေးပြီး ကန်စွန်းပုံများထဲသို့ ကန်စွန်းညွန့်များထိုးထည့်၍ စိုက်လိုက်ပါတော့ သည်။

ကန်စွန်းပုံများ ရှင်သန်ကြီးထွားပြီး သုံးလခွဲခန့်အကြာတွင် အပုံများအား ဖြဲထုတ်လိုက်ပါက ရဲနေသော လက်သီးဆုပ်ခန့်ရှိသော ကန်စွန်းဥများ ထွက်ကျလာပါသည်။ အင်မတန်အားရစရာ ကောင်းပါသည်။ ဦးဖိုးထောင်၏ ကန်စွန်းပုံမှ ဥကြီး ၃၈၀၁ ပိဿာရပြီး ၅၅ ကျပ်နှုန်း ရောင်းရပါသည်။ ဥအသေးမှာ ၁ ပိဿာ ၃၀ ကျပ်နှုန်း ရောင်းရပြီး ပိဿာ ၇၀၈ ပိဿာ ထွက်ပါသည်။ လုပ်သားခမှာ ကျပ် ၁၂၅၂၀၀ ကျပြီး အရင်းငွေမှာ ၂၀၉၂၉၂ ကျပ် ကျသင့်ရာ စုစုပေါင်း တွက်လိုက်ပါက ၆၆၀၂ ကျပ်ရှုံး ကြောင်း မှတ်တမ်းများအရ သိရပါသည်။ မြေများ ပြုပြင်ပြီးသားဖြစ်သွား၍ နောင်တွင် ဆူးပုတ်၊ ကင်ပွန်းချဉ်၊ ဂွေးတောက်၊ ပဲမျိုးစုံ၊ ဘူး၊ ဖရုံနှင့် ချဉ်ပေါင်များစိုက်ပျိုးရန် အဆင်ပြေပါသည်။ ပတ်ပတ်လည်တွင် ဗမာ သံပရာနှင့် သံပယိုပင်များ လည်း စိုက်ပါသည်။ ဘုရားပန်းအတွက် သပြေငုတ်များလည်း စိုက်ပါသည်။

လွန်ခဲ့သော အနှစ် ၂၀ က ဈေးများအနေဖြင့် ပြောရရင် ကင်ပွန်းချဉ်ပင်ပေါက် တစ်ပင် ရှစ်ကျပ်၊ သံပရာပင် ၁၀ ကျပ်၊ ငရုတ်ပင် ၁၀ ကျပ်၊ ကန်စွန်းပုံ တစ်ပုံ လုပ်အားခ ၂၀ ကျပ်၊ ကန်စွန်းညွန့် ၁၀၀ ကို ၂၅ ကျပ်၊ ဓားကောက်တစ်လက် ၆၀၀ ကျပ်၊ လူတစ်ယောက်တစ်နေ့ လုပ်အားခ ၃၀၀ ကျပ်၊ မာလကာပင်တစ်ပင် ၁၀၀ ကျပ်၊ ပိန္နဲပင်တစ်ပင် ၁၀၀ ကျပ်၊ ကြက်ချေးတစ်အိတ် ၆၀ ကျပ်၊ ၃ မျိုးစပ် တစ်အိတ် ၄၃၀ ကျပ်တို့ဖြစ်ပြီး လယ်တစ်ဧကလောက်လည်း တီထွင်စိုက်ပျိုးဖြစ်ခဲ့ပါသည်။ 

(ဆက်လက်ဖော်ပြပါမည်)