မေ

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင်ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါ ဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။

ဖူးမြော်ခွင့်ပြုတဲ့နေ့မှ ယနေ့အထိ စည်ကားများပြားလျက်ရှိနေဆဲကို မြင်တွေ့ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရသလို ဗုဒ္ဓဝတ္ထုကံအတွင်းက ကြီးကျယ်ခမ်းနားမှုအစုစုအတွက်လည်း အကုန်အကျခံပြီး လှူဒါန်းပေးကြတဲ့ အလှူရှင် တွေအတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်။ ယခုလို တန်ဖိုးကြီးမား ခမ်းနား သာယာတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး မပျောက်မပျက် ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ အလှူရှင်တွေရော၊ ပြည်သူတွေရော၊ အစိုးရရော အားလုံးမှာ တာဝန်ရှိတာပါ။

အောင်အောင်မြင်မြင်နဲ့ ကျင်းပ

ဘုရားကြီး တည်ထားကိုးကွယ်တဲ့ နေရာကတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာပါ။ ဧကပေါင်း ၂၅၅ ဧကရှိတဲ့ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်မှာ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်တွေ ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချ အောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားတွေကို ဩဂုတ်လ ၁ ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရုပ်ပွားတော်မြတ်ကြီးကို ဆင်းတုတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေနဲ့ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေ တည်ထားတယ်လို့ မှတ်သားရပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်နဲ့ ပလ္လင်တော်အလေးချိန် တန် ၃၅၁၀ ရှိပါတယ်။ ရေရှည်တည်တံ့စေဖို့အတွက် တန်ချိန် ၂၀၀၀၀ လောက်အထိ ခံနိုင်တဲ့အောက်ခံအမာ၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ အထိ တိုက်ခတ်မှုဒဏ်ခံမှုနဲ့ မိမိတို့နိုင်ငံမှာ အမြင့်ဆုံးလှုပ်ခတ်နိုင်တဲ့ Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ဖို့အပြင် လျှပ်စီးမိုးကြိုးဒဏ် ခံနိုင်ဖို့အတွက်ပါ အင်ဂျင်နီယာ ရှုထောင့်အမျိုးမျိုးနဲ့ တွက်ချက်ထားပြီး ရတနာပုံခေတ်ဟန်ကို ခေတ်မီနည်းစနစ်နဲ့ ပေါင်းစပ်လို့ စစ်ဘက်၊ အရပ်ဘက် ပညာရှင်တွေ စုပေါင်းတည်ထားကြတာလို့ မှတ်သား ရပါတယ်။

ဗုဒ္ဓဥယျာဉ်တော် အတွင်းမှာရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်တွေ၊ ဂန္ဓကုဋိတိုက်တွေ၊ သုဓမ္မာဇရပ်တွေ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီအဆူ ၇၂၀ စတဲ့ အခြံအရံကုသိုလ် တော်တွေကို ရဟန်းရှင်လူ အများပြည်သူတွေက ဩဂုတ်လ ၈ ရက်နေ့ကနေ စတင်ပြီး အခမဲ့ဝင်ရောက်ဖူးမြော်ခွင့် ရရှိခဲ့ပါတယ်။

ဖူးမြော်ခွင့်ပြုခဲ့တဲ့ ရက်ပိုင်းမှာတင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးကားတွေ တိုးမပေါက်အောင် စည်ကားများပြားခဲ့ပြီး ပိတ်ရက်တွေမှာဆိုရင် တစ်ရက်ကို လူဦးရေ ငါးသောင်းကနေ ရှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြပါတယ်။ အများစုသော ဘုရားဖူးပရိသတ်တွေဟာ စကျင်ကျောက်သား ထိုင်တော်မူရုပ်ပွားတော်ကြီးကို ဖူးမြော် ရတဲ့အခါ၊ များပြားလှတဲ့ သာသနိက အဆောက်အအုံတွေ၊ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်း၊ တသွင်သွင်ကျဆင်းနေတဲ့ ရေပန်းအလှ စတာတွေကို မြင်တွေ့ကြတဲ့အခါ အံ့ဩကြည်နူးမှုမြင်ကွင်းတွေကလည်း ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခုလုံးမှာ မတွေ့ချင်မှအဆုံး သက်ဝင်လှပတဲ့ ပန်းချီကားတစ်ချပ်အလား ထင်မြင်ရပါတယ်။

အခမဲ့ဖူးမြော်ခွင့် ထပ်မံတိုးမြှင့်သတ်မှတ်

မူလက အခမဲ့လာရောက်ဖူးမြော် ခွင့်ပြုပေးခဲ့တာကို ဩဂုတ်လ ၈ ရက် နေ့မှ ၁၆ ရက်နေ့အထိလို့ သတ်မှတ်ထားခဲ့ပေမယ့် များပြားလှတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာနဲ့ ဆက်လက်ဖူးမြော်နိုင်ကြဖို့အတွက် ဩဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဒုတိယအကြိမ် အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ပါတယ်။ အခမဲ့ဘုရားဖူး ခွင့် ရက်တိုးသတ်မှတ်ပြီးတဲ့နောက်မှာလည်း ဘုရားဖူးတွေ လျော့နည်းကျဆင်း သွားတာမရှိဘဲ တိုး၍သာလာခဲ့တဲ့အတွက် စက်တင်ဘာလ ၃ ရက်နေ့အထိ အခမဲ့ဖူးမြော်ခွင့်ကို တတိယအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကနေစတင်ပြီး လာရောက်ဖူးမြော်ကြသူ တွေအနေနဲ့ ဝင်ကြေးအခမဲ့လာရောက် ဖူးမြော်နိုင်ကြမှာဖြစ်သလို မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးနဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ကိုင်ဖို့ ကုသိုလ်တော် အလှူငွေအမျိုးအစား အချို့ကို သတ်မှတ်ကောက်ခံခဲ့ပါတယ်။ ဥပမာအနေနဲ့ ကင်မရာပါတဲ့ ဖုန်းတစ်လုံးကို တစ်ထောင်ကျပ်၊ အပျော်ရိုက်ကင်မရာအတွက် ငွေကျပ် ၅၀၀၀၊ အလှဓာတ်ပုံနဲ့ လုပ်ငန်းသုံးရိုက်ကူးတာတွေကို ငွေကျပ်ငါးသောင်းနှုန်းအပြင် နာရီဝက် ပိုမိုရိုက်ကူးတိုင်း ၅၀၀၀ ကျပ်၊ ဥယျာဉ်တော် ယာဉ်ရပ်နားကွင်းအတွင်း ယာဉ်ငယ် တစ်စီး ၂၀၀၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ထားတာကို မြင်တွေ့ရပါတယ်။ ဘုရားဖူးလာ ဆရာတော်၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကတော့ ဥယျာဉ်တော်အတွင်း အခမဲ့ဘက်ဂီ စီးနင်းခွင့်ရမှာ ဖြစ်ပါတယ်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဖူးမြော်ခွင့်နဲ့ပတ်သက်ပြီး အမျိုး မျိုးသောအသံတွေကို လူမှုကွန်ရက်တွေမှာ မြင်တွေ့ရတဲ့အခါ ကိုယ်တိုင် မရောက်ဖူးသူတွေ၊ ရောက်ခွင့်မကြုံသေးသူတွေသာ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေပြီး ရောက်ဖူး၊ တွေ့ဖူး၊ ဖူးမြော် ဖူးသူတိုင်းကတော့ အလှူငွေသတ်မှတ်ချက်အတွက် စနောင့်စနင်းဖြစ်ပုံမရဘဲ ကြည်ညိုခွင့်ရဘိလေခြင်း၊ လေ့လာခွင့်ရှိဘိလေခြင်း၊ အလှူပါဝင်ခွင့် ကြုံဘိလေခြင်းလို့သာ နှလုံးသွင်းပြီး ကြည်ကြည်ဖြူဖြူ ပေးအပ်ကြတာ ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်။
 
ရေရှည်အစီအမံတွေ ပြုလုပ်နိုင်ဖို့ အထူးလိုအပ်

ဧကပေါင်း ၂၅၅ ဧကဆိုတာ တော်ရုံ ကျယ်ဝန်းမှုမဟုတ်သလို အတွင်းမှာရှိတဲ့ ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊ ဇရပ် အဆောင်ဆောင်နဲ့ ကျောက်စာချပ်တွေ၊ ပန်းမန်ဥယျာဉ်၊ ရေပန်း၊ လမ်း၊ တံတား စတာတွေဟာ အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့် နေ့ချင်းညချင်း ရုပ်လုံးပေါ်လာရသလို တစ်သက်မှာတစ်ခါ အခမ်းနားဆုံးသော မဟာကောင်းမှုတော်ကို ပြုနိုင်သူတွေ ပြုခဲ့ကြခြင်းကြောင့်သာ မိမိတို့ ပြည်သူတွေကလည်း ယခုလို ဖူးမြော်ကြည်ညိုခွင့်၊ ဂုဏ်ယူဝင့်ကြွားခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာတို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ဖွယ် ကမ္ဘာ့ ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးနဲ့ အခြံအရံကုသိုလ်တွေ ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းတွေဟာ အလွန်အရေးကြီးပြီး စနစ်တကျနဲ့ ရေရှည်ထိန်းသိမ်းနိုင်ဖို့ စီမံအုပ်ချုပ်မှုအဖွဲ့ တွေ ဖွဲ့စည်းတာ၊ ထိန်းသိမ်းစောင့်ရှောက်သူတွေ ငှားရမ်းတာ၊ နေ့စဉ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်တာတွေအတွက် ရေရှည်အစီအမံတွေ ထားရှိပြီး ပြုလုပ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ဖူးမြော်နိုင်စေဖို့ အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးတာ၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေ အတွက် အခမဲ့ ဘက်ဂီနဲ့ပို့ဆောင်ပေးတာ၊ ဥယျာဉ်တော်အတွင်း အခမဲ့ အပန်းဖြေခွင့်ပေးတာ၊ မြန်မာမှုလက်ရာ ဗိသုကာတွေကိုအခမဲ့ခံစားကြည့်ရှုနိုင်တာ၊ ပိဋကတ်သုံးပုံ ဆဋ္ဌသင်္ဂါယနာတင်မူကို ဂုဏ်ယူဝမ်းမြောက်ဖွယ် အခမဲ့လေ့လာနိုင်တာတွေနဲ့ယှဉ်ရင် ဘုရားဖူးပြည်သူအများကလည်း ဓာတ်ပုံလေးတွေ အမှတ်တရရိုက်ကူးဖို့အတွက် ငွေကျပ် ၁၀၀၀ ထည့်ဝင်ရတာမျိုးက အပန်းကြီးတာမဟုတ်ပါဘူး။

ယနေ့ သမိုင်းဝင်အထင်ကရ စေတီပုထိုးတွေ၊ အဆောက်အအုံတွေအားလုံးဟာ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြလို့သာ ယနေ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတင်မကပါဘူး၊ နိုင်ငံတကာက ထင်ရှားတဲ့ ကမ္ဘာကျော်သမိုင်းဝင် အဆောက်အအုံတွေ၊ အထိမ်းအမှတ်နေရာတွေနဲ့ စေတီပုထိုးတွေအများစုမှာ အခုလို ထိန်းသိမ်းစောင့်ရှောက်ခတွေ ကောက်ခံပြီး စနစ်တကျနဲ့ ရေရှည်တည်တံ့အောင် ဆောင်ရွက်နေကြတာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံရှိ မြဘုရား၊ ဂျပန်နိုင်ငံရှိ ကမာကူရဘုရား၊ အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဓုဘုရား စတဲ့ နေရာတွေမှာ ဝင်ကြေးနဲ့ အခြားအခကြေးငွေ သတ်မှတ်ကောက်ခံတာမျိုးရှိပြီး ရေရှည်ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်နေကြတာမျိုးတွေ ရှိနှင့်ပြီးသားပါ။ ဒါကြောင့် မိမိတို့ကလည်း မြန်မာ့ဂုဏ်ဆောင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရင်း ရွှင်လန်းဝမ်းမြောက် သဒ္ဓါပေါက်စွာနဲ့ ကုသိုလ်ပြုကြဖို့ ပန်ကြားလိုပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုတာ နိုင်ငံရဲ့မြို့တော်ကြီးဖြစ်တဲ့ အပြင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းက ပျဉ်းမနား၊ လယ်ဝေး အစ ရှိတဲ့ မြို့ကြီးတွေဟာ မူလကတည်းက သာသနာထွန်းကားရာ ဒေသဖြစ်ပြီး ထင်ရှားတဲ့ စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေက များပြားလွန်းလှတာမို့ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ သာသနိက အဆောက်အအုံတွေကို လေ့လာရင်း တစ်လက်စတည်း နေပြည်တော်တစ်ခွင် ထင်ရှားတဲ့ လှေခွင်းတောင်၊ ဆင်ဖြူတောင်၊ လက်လုပ်တောင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ နေပြည်တော်ဗုဒ္ဓဂယာ၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်၊ ညောင်ပင်ကြီးစု ပုဂံဘုရားများ စတဲ့အထင်ကရစေတီ ပုထိုးတွေကိုလည်း ကုသိုလ်ယူဖူးမြော်နိုင်ဖို့ တစ်ခါတစ်ခေါက် အရောက်လာခဲ့ကြဖို့  သတင်းကောင်းပါးလိုက်ရပါတယ်။ ။