အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသည့် လူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ ဝင်နှစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ အသေခံဗုံးပေါက်ကွဲမှုမှာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ အယ်လ်အာဆာဗလီအပြင်ဘက် ခရီးသွားများပြည့်နှက်နေသည့် ဈေးတစ်ခုရှိရာ ကိုင်ရိုမြို့အလယ်ပိုင်းတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ခွဲမှုအတွင်း တပ်ဖွဲ့ဝင် အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။
အသေခံဗုံးခွဲသူမှာ ပြီးခဲ့သောရက်သတ္တပတ်အတွင်း ပိရမစ်များရှိရာ ဂီဇာရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တိုက်ခိုက်ခဲ့သည့် သံသယရှိသူတစ်ဦးအဖြစ် ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးခြင်းခံရသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ပြောကြားသည်။
ဒီဇင်ဘာလအတွင်းတွင်လည်း ဂီဇာတွင် ဗုံးပေါက်ကွဲမှုကြောင့် ဗီယက်နမ်ခရီးသွားများ အပါအဝင် လူလေးဦး သေဆုံးခဲ့သည်။ စစ်တပ်ကိုပစ်မှတ်ထားသည့် ပြတ်တောင်းပြတ်တောင်း တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ပြီး အစိုးရက လုံခြုံရေးတိုးမြှင့်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်