နေပြည်တော် စက်တင်ဘာ ၁၀
ဥတ္တရသီရီမြို့နယ်ရှိ ဖောင်းလောင်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာအတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် မန်ဂျန်ရှားပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်တို့က သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မန်ဂျန်ရှား၊ ကုက္ကိုလ်၊ မယ်ဇလီစသည့် သစ်မျိုး သုံးမျိုး၊ စုစုပေါင်းအပင်(၁၀၀၀)ကို စိုက်ပျိုးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက လှည့်လည်ကြည့်ရှုအားပေးသည်။
အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သံဖြူရေလှောင်တမံ ရေဝေရေလဲ ဧရိယာများအတွင်း၌ မန်ဂျန်ရှား၊ ကုက္ကိုလ်၊ မယ်ဇလီစသည့် သစ်မျိုး သုံးမျိုး၊ စုစုပေါင်းအပင်(၄၀၀) နှင့် ခေါင်းမငယ်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာများအတွင်း၌ စုစုပေါင်းအပင်(၁၀၀၀)တို့ကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဖောင်းလောင်ရေလှောင်တမံသို့ ရောက်ရှိပြီး စိုက်ပျိုးရေကို လေလွင့်မှုမရှိစေရေးနှင့် စိုက်ပျိုးဧကပိုမိုစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တမံရေဝေ ရေလဲဧရိယာများတွင် စိမ်းစို၊ ကြီးမြန် သစ်ပင်များ စိုက်ပျိုးရန်လိုအပ်ကြောင်းမှာ ကြားသည်။
ထို့မှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၆ ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံ နို့စားနွားမွေးမြူ ရေးခြံအတွင်း တိရစ္ဆာန်အစားအစာအဖြစ် ပြောင်းချဉ်ဖတ်ပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ငလိုက်ရေလောင်တမံသို့ ရောက်ရှိပြီး တမံရေဝေရေလဲ ဧရိယာများတွင် စိမ်းစို၊ ကြီးမြန်သစ်ပင်များစိုက်ပျိုးရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မောင်းရမ်း ကျေးရွာအုပ်စု ဝက်စုကျေးရွာရှိ ဦးကျော်ကျော်၏ “အဂ္ဂဂေဟာ" ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် မြန်မာမှုပန်းပုနှင့် နိဗ္ဗာန်ကုန်လုပ်ငန်းသို့ရောက်ရှိပြီး ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် လက်တွေ့ ထုဆစ်နေမှုကို ကြည့်ရှုအားပေးပြီး အများပြည်သူများ လာရောက်လေ့လာနိုင်ရေး တာဝန်ရှိ သူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်