ရန်ကုန်စက်တင်ဘာ၁၁

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့တော် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 

ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက် အောင်ချမ်းသာလမ်း (ပြည်လမ်းနှင့် အမှတ် ၄ လမ်းအကြား) လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းနှင့်မလွတ်ကင်းသည့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းရန်နှင့် ရေစီးရေလာကောင်းမွန်စေ‌ရေး ရေမြောင်းဖောက်လုပ်ရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ခရေပင်လမ်းဆုံအနီးရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့ လူသွားစင်္ကြံနှင့် Interlock ခင်းကျင်းပြီးစီးမှုနှင့် မြောင်းဖုံးပါ အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး မြက်များဖြတ်ညှိရန်နှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ ပြည်လမ်းဘေး သီရိမင်္ဂလာလမ်းထိပ်ရှိ ထန်းပင်ကုန်းပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စော်ဘွားကြီး ကုန်းမီးပွိုင့်အနီး နံ့သာကုန်းပန်းခြံအတွင်းရှိ ရေကန်မှရေများ ပြည်လမ်း မြေအောက်ဖြတ် မြောင်းအတွင်းသို့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေထိန်းတံခါးဆောင်ရွက်ထားရှိမှုနှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ အင်းလျားလေးကန်စပ် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်