ရန်ကုန် စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့်ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ မြန်မာစာ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်း ပြီးပါက မြန်မာစာအဖွဲ့နှင့်ပူးပေါင်းကာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ခေတ်ပေါ်ဝေါဟာရအဘိဓာန်၊ မြန်မာနာမည် အင်္ဂလိပ်စာလုံးပေါင်းစနစ်၊ မြန်မာ စာလုံးပေါင်းသတ်ပုံ အလွယ်ခွဲခြားမှတ်သားနည်း၊ မြန်မာစကားသံလေ့လာမှု ပညာစာအုပ်တို့ကို မြန်မာစာပညာရှင်များ၊ အင်္ဂလိပ်စာပညာရှင်များ စုစည်းအင်အားဖြင့် အမြန်ဆုံးဝိုင်းဝန်းပြုစု ထုတ်ဝေနိုင်ရန်လိုအပ်နေပါကြောင်း။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဆရာကြီး ဆရာမကြီးများက အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်အဆင့်မြှင့်တင်ထားရှိမှု၊ စာအုပ်များစနစ်တကျထားရှိမှု၊ စာအုပ်စာရင်းများ မျိုးတူစုအလိုက် ပြုစုထားရှိမှု၊ နိုင်ငံတကာတက္ကသိုလ် စာကြည့်တိုက်များနှင့် e-library စနစ်ချိတ်ဆက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


