နေပြည်တော် စက်တင်ဘာ ၁၂

မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (၃/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ  ဒေါက်တာခင်နိုင်ဦး က နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရာတွင် စာရင်းပညာသည် အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဏ္ဍ နှစ်ရပ်လုံးတွင် စာရင်းပညာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ အရည်အသွေး ပြည့်ဝသည့် စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ တိုးပွားလာရန်လိုအပ်ကြောင်း၊ အမှုဆောင်အဖွဲ့ဝင်များ အနေဖြင့် မြန်မာ နိုင်ငံ စာရင်းကောင်စီ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ တာဝန်ပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန်နှင့် ကောင်စီ၏လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များက အစိုးရ ဌာနများ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) အောင်မြင်ပြီးသူ စာရင်းပညာရှင်များကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင်(ပြည့်မီ) အဖြစ် ကနဦးမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ အလုပ်သင်များ၊ စာရင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် စာရင်းလုပ်ငန်းများအတွက် မူဝါဒချမှတ်နိုင်ရေးနှင့် လိုက်နာရမည့်အမိန့်၊ ညွှန်ကြား ချက်များ ထုတ်ပြန်နိုင်ရေး၊ သင်တန်းဆရာများ၏ မှတ်ပုံတင်သက်တမ်းတိုး နောက်ကျခြင်း နှင့် ဒဏ်ကြေးသတ်မှတ်ခြင်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပို့ချရန် ကိစ္စရပ်များ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည်  ယမန်နေ့ မွန်းလွဲပိုင်းက မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှ စာရင်းစစ်ရုံးဝန်ထမ်းများအတွက် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA)က ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းငွေကျပ် သိန်း ၅၀ ကို လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်