နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)မှ ထုတ်လုပ်သည့် ၆တန်းသွား၊ လက်ဆွဲကောက်စိုက်စက်နှင့် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ၆တန်းသွား ကောက်စိုက်စက်တို့ သရုပ်ပြနှိုင်းယှဉ် စိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရေဆင်းရှိ စိုက်ကွင်းအတွင်း ပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ၆တန်းသွား၊ လက်ဆွဲကောက်စိုက်စက်များ ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးနေမှုအပေါ် ပြည်ထောင်စုဝန်ကြီး က စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်ပြီး ပထမအကြိမ် လက်တွေ့ သရုပ်ပြဆောင်ရွက်ချက်အရ အားနည်းချက်များကို ပြန်လည်ပြုပြင်၍ ယခုဒုတိယအကြိမ် သရုပ်ပြဆောင်ရွက်ခြင်းတွင် တိုးတက်ကောင်းမွန်သော စွမ်းဆောင်ရည် တွေ့ရှိရကြောင်း၊ သို့ရာတွင် ထုတ်လုပ်ထားသော ကောက်စိုက်စက်မှာ ကြံ့ခိုင်မှုရှိသော်လည်း ပေါ့ပါးမှုလိုအပ်သေးသည့်အတွက် ထပ်မံ၍ မွမ်းမံပြုပြင်သွားရန်လိုကြောင်း ပြောကြားပြီး တတိယအကြိမ် သရုပ်ပြသချိန်တွင် ပြည့်စုံကောင်းမွန်သော အင်္ဂါရပ်များရရှိရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
စက်မှုလယ်ယာဦးစီး ဌာနအနေဖြင့် တောင်သူများလယ်ယာလုပ်ငန်းတွင် စရိတ်သက်သာ စွာဖြင့် အလုပ်တွင်ကျယ်စွာဆောင်ရွက်နိုင်စေမည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး လယ်ယာလုပ်သားရှားပါးမှုပြဿနာများကို ကျော်လွှားနိုင်ရန်နှင့် တန်ဖိုးနည်း ကောက်စိုက်စက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရေး စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)မှ ၆တန်းသွား၊ လက်ဆွဲကောက်စိုက်စက်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


