နေပြည်တော် စက်တင်ဘာ ၁၂

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမ လေ့ကျင့်ရေးရုံ၌  စတင်ကျင်းပသည်။

ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး (၄၅) ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ)က တတိယနှင့် အမျိုးသား(၅၅) ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ ရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲ သတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် အမြန်စံချိန်သစ်တင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

စက်တင်ဘာ၁၃ ရက် နံနက်(၉)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၉)ကီလိုပြိုင်ပွဲ၊ အမျိုးသား(၆၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၅၅) ကီလို ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ 
  
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာ (၁၂)ရက် မှ (၁၆)ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ် ပြိုင်သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်