နေပြည်တော် စက်တင်ဘာ ၁၃

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ စိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးရှိ ကန်ကြီးထောင့် မူလတန်းကြိုကျောင်း တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုပြီး ကလေးငယ်များနှင့် သင့်လျော် ကောင်းမွန်မည့် ကျောင်းအဆောက် အဦဒီဇိုင်းပုံစံဖြင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၁၄)လမ်းနှင့် (၁၆)လမ်းအကြားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသော မြစ်ကမ်းပါး နိမ့်ကျမှုကာကွယ်ရေးလုပ်ငန်း၊ Bored Pile အခြေပြုကျောက်စီမြေထိန်းတမံ အလျားပေ ၈၀၀ ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုပြီး ရန်ပုံငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းစီမံချက်ကာလ အတွင်းအရည်အသွေး ပြည့်မီစွာနှင့်အချိန်မီပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အမျိုး သမီးကလေးများ သင်တန်းကျောင်း(ထောက်ကြန့်)သို့ ရောက်ရှိပြီး အမျိုးသမီးကလေးများ သင်တန်း ကျောင်းမှ ကျောင်းသူများ ကျောင်းပြင်ပ ပညာရေးသင်ကြားနေမှုနှင့် အသက်မွေးပညာသင်ကြား နေမှုများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)