နေပြည်တော်  စက်တင်ဘာ  ၁၄ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်ရှိ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာသုံးစိုက်ခင်း ယူကလစ်၊ ရှား ၇၅ ဧကနှင့် ၂/၂၀၂၃ ရေဝေရေလဲစိုက်ခင်း ယူကလစ်၊ ရှား၊ ဒဟက် ၇၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ယင်းဆိပ်အမြဲတမ်းပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင်ပေါင်း ၆၁,၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် တောပုန်းကြိုးပြင် ကာကွယ်တော အကွက်အမှတ် ၃ ရှိ ၂၀၂၁ ခုနှစ် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း အပင် ၂၂၀၀ ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တည်ထောင်ပြီးသော သစ်တောစိုက်ခင်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန်နှင့် အပူပိုင်းဒေသမျိုးရင်း သစ်မျိုးများအား သုတေသနပြုလုပ်ပြီး သုတေသနရလဒ်များအပေါ် အခြေခံ၍ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အောင်လံမြို့နယ်ရှိ မိုးလယ်ပျိုးဥယျာဉ်သို့ရောက်ရှိရာ ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၈ မျိုးဖြင့် ပျိုးပင်ပေါင်း ၇၈,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၂ ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် လိုအပ်သော သစ်စေ့စုဆောင်းခြင်း၊ ကြိုတင်ပျိုးထောင်ခြင်း လုပ်ငန်းများအား အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ပြည်ကျွန်းကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၇၈ ဧကသို့ ရောက်ရှိပြီး တာဝန်ရှိသူများက ကျွန်းပင် ၃၄၆၆ ပင်အား ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့် စိုက်ခင်းအတွင်း သစ်စေ့ထုတ် ဧရိယာမှ နှစ်စဉ် သစ်စေ့စုဆောင်းရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  ကျွန်းစိုက်ခင်းများ အောင်မြင်အောင် တည်ထောင်နိုင်ရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် ကျွန်းစေ့များ စုဆောင်းနိုင်ရန် ဖြောင့်တန်းသော ကျွန်းပင်များပေါက်ရောက်ရာ သဘာဝတောနှင့် သက်ကြီးကျွန်းစိုက်ခင်းနေရာများအား ကျွန်းသစ်‌စေ့ထုတ် ဧရိယာအဖြစ် တိုးချဲ့သတ်မှတ်ဆောင်ရွက်သွားရန် မှာကြားကာ သဲကုန်းမြို့နယ် ရွှေကျွန်းတောကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၁၄၇ ဧကအတွင်း သစ်စေ့ထုတ်ဧရိယာ တည်ထောင်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီခရိုင် မင်းလှမြို့နယ်ရှိ ရွှေဝါမြိုင် ပျိုးဥယျာဉ်အတွင်း ပျိုးပင် ၁၂,၅၀၀ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ လသာကုန်းပျိုးဥယျာဉ်အတွင်း ပျိုးပင်ကြီး ၂၄,၀၀၀ နှင့် ၂၀၂၄ မိုးရာသီ လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် ၇၀,၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်