နေပြည်တော် စက်တင်ဘာ  ၁၄

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင် မှတ်ပုံတင်ထားသောအလုပ်ဌာနများမှ အာမခံအလုပ်သမားများ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ အာမခံ အလုပ်သမားများနှင့် အကျိုးခံစားခွင့်လက်ခံရယူမည့်သူများ တက်ရောက်ကြသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုးကုန်ကျ စရိတ်များ ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုများကို အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး (၇၈)ရုံးတွင် အလုပ်ဌာန (၃၅,၂၅၃) ဌာနနှင့် အလုပ်သမား (၁,၂၅၂,၂၃၃) ဦး အကျုံးဝင်မှတ်ပုံတင်ထားပြီး ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန (၁၀၆၇) ဌာန၊ အာမခံအလုပ်သမား (၂၆,၃၈၂) ဦး ရှိပါကြောင်း။

အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူ ပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်တို့အတွက် “One for all , All for one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့)ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားများအား ဥပဒေနှင့် အညီ အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများ ပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစား ခွင့်များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်အရ ပြည်ထောင် စုနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ပျဉ်းမနားမြို့နယ် လူမှုဖူလုံ ရေးရုံးတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၁၉) ဦး၏ ဆေးဖိုး ကုန်ကျငွေများ၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် အကျိုးခံစားခွင့်ငွေကျပ် ၁၄,၈၈၉,၄၉၂ ဒသမ ၂၂ နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ ကျန်ရစ် သူအကျိုးခံစားခွင့် ငွေကျပ်  ၅,၄၀၀,၀၀၀ ၊ စုစုပေါင်းအာမခံအလုပ်သမား (၂၀)အတွက် အကျိုးခံစားခွင့်ငွေကျပ် ၂၀,၂၈၉,၄၉၂ဒသမ၂၂ ကျပ်ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်