နေပြည်တော် စက်တင်ဘာ ၁၄ 

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသန စာတမ်းရေးသားခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး က Research Methodology သင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ  ဥပဒေရေးရာဝန်ကြီးဌာနတွင်ရှိသည့် သုတေသနအဖွဲ့ဝင်များ သုတေသနစာတမ်းများ ရေးသားခြင်းကို ကောင်းစွာသိရှိ နားလည်စေရန်၊ အရည်အသွေးပြည့်မီသော ဥပဒေသုတေသနစာတမ်းများ ရေးသားနိုင်စေရန်၊ ယခုထက်ပိုမို၍ အရည်အချင်းပြည့်မီသော ဥပဒေအရာရှိများ ဖြစ်လာစေရေးနှင့် လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါကြောင်း။    
    
ဥပဒေသုတေသနအဖွဲ့များအနေဖြင့် စာတမ်းများကို စဉ်ဆက်မပြတ် ရေးသားပြုစုလျှက်ရှိရာ ယခုထက် ပိုမိုကောင်းမွန်သည့် အရည်အသွေး ပြည့်မီသော ဥပဒေသုတေသနစာတမ်းများ ရေးသားနိုင်စေရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များကို ဖိတ်ကြား၍ Research Methodology များကို သင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်ယူခွင့်ရရှိသည့် ဥပဒေ သုတေသနအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားပြီး ရရှိလာသည့် အသိပညာများ ကိုလည်း မိမိတို့ရေးသားလျက်ရှိသည့် စာတမ်းများတွင် လက်တွေ့ပြန်လည် အသုံးချခြင်းဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့် ဥပဒေသုတေသနစာတမ်းများ ရေးသားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒသုတေသနအဖွဲ့ဝင်(၅၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်