နေပြည်တော်၊ စက်တင်ဘာ၁၄
ဒေသ၏ဝမ်းစာဖူလုံရေးအတွက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေအပြည့်အဝ ပေးဝေနိုင်ရေး၊ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံချမှတ်ပေးနိုင်ရေး လျာထား ဧကထက်ကျော်လွန်၍ စိုက်ပျိုးဧက တိုးချဲ့နိုင်ရေး အလေးထားဆောင် ရွက်ရန်လိုကြောင်း ယနေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ မြို့မရေလွှဲဆည်မှ စိုက်ပျိုးရေ ပေးဝေမှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးဌာန တာဝန်ရှိသူများက မြို့မရေလွှဲဆည် ဆိုင်ရာ အချက်အလက်များ၊ ဟိုပုံးချိုင့်ဝှမ်းအတွင်းရှိ နမ့်တဘက်ချောင်း ရေကြီးနစ်မြုပ်မှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကဖြစ်နိုင်သည့် နည်းလမ်းများနှင့် အပိုင်းလိုက်ဆောင်ရွက်ရန် လိုအပ်ချက်များကို မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာပြီး ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းဆောင်ကြရန် ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့်အတူ ဟိုပုံးမြို့နယ်ရှိ နမ့်တဘက်ချောင်းပေါ်တွင် တည်ဆောက်ထားသော ကန်ချယ်ရေလွှဲဆည် နှင့် နမ့်တဘက်ရေလွှဲဆည်မှ နောင်လုံလက်ရိုက်ဆည် အောက်ပိုင်းအထိ ချောင်းဘေးဝဲ/ယာ တလျှောက်တွင် ဒေသခံတောင်သူများ ဆောင်ရွက်ထားရှိသော လက်ရိုက်ဆည်များကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယ ဝန်ကြီးက နန့်တဘက်ချောင်းပေါ်တွင် တည်ဆောက် ထားသော ကျေးရွာ လက်ရိုက် ဆည်များကြောင့် နုန်းတင်ပို့မှုများပြားပြီး ချောင်းကောလာကာမိုးရာသီတွင် အချိန်တိုအတွင်း မိုးရေချိန်ပမာဏ များစွာရွာသွန်းပါက ချောင်းအတွင်း ရေကြီးရေလျှံ၍ လယ်ယာမြေများကို ရေကြီးနစ်မြုပ်မူ ဖြစ်ပေါ်လာသဖြင့် ချောင်းတလျှောက် လိုအပ်သောနေရာများတွင် သဲနုန်းပြန်လည်တူးဖော်ခြင်းနှင့် သင့်လျော်သော နေရာများတွင် ရေထိန်းတံခါးများတည်ဆောက်၍ ထိန်းညှိဆောင်ရွက်နိုင်ရေး ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒေသခံတောင်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့စုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအလိုက် လိုအပ်သည့် မျိုးကောင်း၊ မျိုးသန့်များနှင့် နည်းပညာလိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)