နေပြည်တော် စက်တင်ဘာ ၁၅

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့်ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန၏ (၂၂) ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးသို့  တက်ရောက်သည်။

 

ဉီးစွာဒုတိယဝန်ကြီးက အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ကြီး (Southeast Asian Ministers of Education Organization - SEAMEO)၏ အဖွဲ့ဝင်နိုင်ငံများတွင် ဆီမီယိုဒေသဆိုင်ရာဌာန ၂၆ ခုရှိသည့် အနက် မြန်မာနိုင်ငံ၌ ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာန (SEAMEO CHAT)ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့နှင့် လုပ်ငန်းအစီအစဉ်များ လည်ပတ်နိုင်ရေးအတွက် ဘဏ္ဍငွေများကို ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ မပျောက်မပျက်စေရေးအတွက် အခြေခံပညာသင်ရိုးသစ်များတွင် အသိပညာပေးသင်ခန်းစာများ ထည့်သွင်း သင်ကြားပေးလျက်ရှိပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်များရှင်သန်စေရန်  မြန်မာစာ၊ သမိုင်းနှင့် ပထဝီဝင် ဘာသာရပ်များကို အလေးထားသင်ကြားပေးလျက်ရှိပါကြောင်း၊   

               

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်စေပါကြောင်း၊ တိုင်ရင်းသားဒေသများနှင့် ဝေးလံခေါင်ဖျား ဒေသများပါမကျန် သက်ကြီး စာတတ်မြောက်ရေးအစီအစဉ်များနှင့် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပြင်ပပညာရေး အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၊ မူလတန်းများတွင် လိုအပ်သော တိုင်းရင်းသားဘာသာ စကားများကို သင်ကြားခြင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ဖြင့် ပိုမို ကောင်းမွန်သော လူမှုဘဝရရှိအောင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

စာတမ်းဖတ်ပွဲသို့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးနှင့်ဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Ms. Pintip Lamnirath ၊ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနမှ ညွန်ကြားရေးမှူးနှင့် ဆီမီယို အဖွဲ့ဝင်နိုင်ငံများမှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)