နေပြည်တော် စက်တင်ဘာ ၁၅
စစ်ဆေးရေးလုပ်ငန်းများနှင့် စာရင်းကိုင်၊ စာရင်းစစ်ပညာရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဉီးက ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးအမျိုးအစားများနှင့် စစ်ဆေးရေး လုပ်ငန်းစဉ်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းများဖွင့်လှစ်၍ နိုင်ငံတော်အတွက် စာရင်းပညာရှင်များ မွေးထုတ် သင်ကြားပေးလျက်ရှိသည်ကို သိရှိပြီး မိမိတို့ရုံးဌာနဝန်ထမ်းများ တက်ရောက်သင်ယူ စေခြင်းဖြင့် ဘဏ္ဍာငွေကြေးနှင့် စာရင်းပြုစုထိန်းသိမ်းခြင်းဆိုင်ရာ ကြီးကြပ်မှုများ ပိုမိုကောင်းမွန် စနစ်ကျနမှုရှိစေရန် ရည်ရွယ်၍ ယနေ့ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။
စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာများအပြင် ဌာန၊ အဖွဲ့အစည်းအသီးသီး၏ ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များအရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စာရင်းနှင့် ဘဏ္ဍာငွေကြေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် ပြန်ကြားဆောင်ရွက်ပေးမှုများ၊ ရုံးဌာနများ ပြင်ဆင်တိုးချဲ့ခြင်းများအတွက် စစ်ဆေးရေးနှင့် ကင်းကွာမှုမရှိစေရေး စစ်ဆေးရမည့် ဌာနအဖွဲ့ အစည်းများအဖြစ် သတ်မှတ်ဆောင်ရွက်ပေးနေမှုများ၊ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့်သင်တန်း များနှင့် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့်သင်တန်းဆိုင်ရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း။
ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်းဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဌာန၊ အဖွဲ့အစည်း များ၏ တူညီသောရည်ရွယ်ချက်ဖြစ်သည့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်စေရေး အတွက် များစွာထိရောက်အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲပထမပိုင်းအနေဖြင့် စစ်ဆေးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါ်သန္တာဖြူ အေးနှင့် ဒေါ်မြဇင်တို့က ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၊ အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်းနှင့် IT Audit စစ်ဆေးခြင်း ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးပွဲဒုတိယပိုင်းတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ပပဝင်းက စာရင်းကိုင်နှင့် စာရင်းစစ်ပညာ ပိုမိုပြည့်ဝတိုးတက် လာစေရေးဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့် အရာရှိကြီးများက သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းမှုများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ဒုတိယစာရင်းစစ်ချုပ်က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း ဆွေးနွေးကာပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)