နေပြည်တော် စက်တင်ဘာ ၁၅
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ၏ လုပ်ငန်း နယ်ပယ်(၁၂)ရပ်အတွက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kumudra Ballroom, Hotel Max ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃ -၂၀၃၂) ရေးဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေးလုပ်ငန်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တို ဘာ(၁)ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ဒသမ၈ သန်းရှိပြီး၊ အမျိုးသားဦးရေသည် ၂၆ဒသမ၇ သန်းဖြစ်၍ အမျိုးသမီးဦးရေသည် ၂၉ဒသမ၁ သန်းရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး ၏စွမ်းဆောင်ရည်ကို မြှင့်တင် ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာ ကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းက အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဩဂုတ်၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ ဦးဆောင်ကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ (၁၂)ရပ်ကိုလည်း ထပ်မံပြင်ဆင်ဖြည့် စွက်ဖွဲ့စည်းကာ ဦးဆောင်ကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ လုပ်ငန်း နယ်ပယ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ရေးဆွဲထားသည့် လုပ်ငန်းစီမံကိန်းများ နှင့်ချိတ်ဆက်ကာ ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီဝင်များ၏ လမ်းညွန်မှုနှင့်အတူ လုပ်ငန်းကော်မတီအားလုံးက ဝိုင်းဝန်းပူးပေါင်း ရေးဆွဲ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရေးဆိုင်ရာလုပ်ငန်း အစီအစဉ်များအား ရှင်းလင်း တင်ပြပြီး လုပ်ငန်းကော်မတီအသီးသီးက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူ ရေးဆွဲထားကြသည့် အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ် စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)