မန္တလေး ၁၉ ဖေဖော်ဝါရီ 


မန္တလေးတိုင်းဒေသကြီးအတွက် လိုအပ်သော ဥပဒေကြမ်းများရေးဆွဲနိုင်ရန် နှင့် ပြဋ္ဌာန်းပြီးသော ဥပဒေများ၊ နည်းဥပဒေများအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေး အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည် ။


ဥပဒေများ လေ့လာသုံးသပ်ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ က အမည်စာရင်းတင်သွင်းခဲ့ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေ ၊ အတွင်းရေးမှူးအဖြစ် မြင်းခြံမြို့နယ်မဲဆန္ဒနယ် (၁) ဦးချမ်းမြေ့တို့အား လျာထားခဲ့ကာ အဖွဲ့ဝင်များအဖြစ် တပ်မတော်သားကိုယ်စားလှယ် (၂) ဦးပါ (၉) ဦး အား အမည်စာရင်း တင်သွင်းခဲ့သည် ။


" ပထမအကြိမ်လွှတ်တော်မှာ ဥပဒေတွေ ပြဋ္ဌာန်းသွားတာတွေရှိတယ် ။ အဲ့ဒီအပေါ်မှာမှ ခေတ်ကာလနဲ့ မလျော်ညီတဲ့ ဥပဒေတွေပါတယ် ။ ပြင်ဖို့ရာအတွက် လိုအပ်တဲ့ စာသားတွေ စကားရပ်တွေပါတယ် ။ ဒါကို အဖွဲ့အစည်းတစ်ခု အဖြစ် ဖွဲ့စည်းပြီး လုပ်မယ်ဆိုပြီး ဒီအဖွဲ့အမည်စာရင်းကို ဥက္ကဋ္ဌ တင်သွင်းတာပါ။ "ဟု ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေ က ပြောသည်။

 

123


ဥပဒေများ လေ့လာသုံးသပ်ပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူး အဖွဲ့ဝင်များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုသူရှိပါက ယနေ့နေ့လည် (၂)နာရီ နောက်ဆုံးထား၍ ကန့်ကွက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ပြောသည် ။


ယခုလက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေနှင့် မြို့နယ် စည်ပင် ဥပဒေများမှာ ပြင်ဆင်ရန် လိုအပ်နေပြီး ပြင်ဆင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည် ။


ယင်းဥပဒေများ လေ့လာသုံးသပ်ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် အခြေခံဥပဒေ ပုဒ်မ ၁၆၇ (က) အရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ပုဒ်မ ၁၆၇ (ခ) အရ ပြင်ပ ပညာရှင်များ ပါဝင်ဖွဲ့စည်းနိုင်ကြောင်း သိရသည် ။


သူရိန်လင်း

 

123