နေပြည်တော် စက်တင်ဘာ ၁၆
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် စိုက်ခင်းတာဝန်ခံများအား တွေ့ဆုံ၍ မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေအခက်အခဲမရှိစေရေး ၊ သီးထပ်စွမ်း အားတိုးမြှင့်နိုင်ရေးအတွက် ဒေသနှင့် ကိုက်ညီသည့် သီးနှံပုံစံချမှတ် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညောင်ရွှေငါးလုပ်ငန်းစခန်း၏ ငါးမျိုးပွားသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ညောင်ရွှေမြို့နယ်ရှိ နဒီကန် သဲနုန်းတူး ဖော်ခြင်းလုပ်ငန်းနှင့် သာစည်ကန် သဲနုန်းတူးဖော်ခြင်းလုပ် ငန်းဆောင်ရွက်နေမှု ၊ နန့်ကတ်ချောင်း ရေလမ်းကြောင်းဘေးရှိ ကျွန်းမျောဘောင်(ရေခြံ) ဆောင်ရွက်ထားရှိမှု ၊ အင်းလေးကန် ရေဝင်ရောက်မှုနှင့် သဲနုန်းများတူးဖော်ဆောင်ရွက်မှု ၊ အင်းလေးကန်ရေပြင် ကျွန်းမျောရေမှော်၊ ဗေဒါများရှင်းလင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
သဲနုန်းအနည်ပို့ချမှုကြောင့် အင်းလေးကန်ရေပြင်ဧရိယာမှာ စတင်တိမ်ကောစပြု လာပြီဖြစ်၍ နမ့်ကတ်ချောင်းဝ၊ ငါးဖယ်ချောင်းဝ ၊ မြေနီကုန်းမြောင်းထိပ်နှင့် အင်းရေပြင်ရှိ သဲနုန်းများအား တူးဖော်ဖယ်ရှားနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသကဲ့သို့ အင်းလေးကန်၏ အရှေ့မြောက် နှင့် အရှေ့ဘက်တွင် တည်ရှိသည့် ကန်များအား နုန်းစစ်ကန်အဖြစ် အသုံးပြုသွားနိုင်ရန် အဆိုပါကန်များမှ သဲနုန်းများ တူးဖော်ဖယ်ရှားခြင်းကို ဘဏ္ဍာနှစ်အလိုက်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ညောင်ရွှေမြို့နယ်ရှိ ဝါးတော်ချောင်း နုန်းဖမ်းဆည်နှင့် ရေပယ်နုန်းထိန်း တမံအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ပြီးသော အထက်ပိုင်းတွင် နုန်းပို့ချမှုလျော့ပါးစေ၍၊ နုန်းထိန်းတမံများ အဆင့်ဆင့်တည်ဆောက်ရေး စီမံဆောင်ရွက်ရန်နှင့် အဓိကအရေးပါသည့် နေရာများတွင် ဦးစားပေးတည်ဆောက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
အလားတူ တိလောကျေးရွာအုပ်စု၊ စိုက်ပျိုးရွာတွင် မြို့နယ်သမဝါယမအသင်းက အင်းလေးကန်အတွင်းမှ ဆယ်ယူထားသော ဗေဒါမြေဆွေးများကို သဘာဝမြေသြဇာ ထုတ်လုပ်နေမှုနှင့် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဂန္ဓမာပန်း စိုက်ပျိုးရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်