နေပြည်တော် စက်တင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ခရိုင်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းသက်သာချောင်ချိရေးကို အလေးထား ဆောင် ရွက်ပေးရန်၊ ဝန်ထမ်းများအားလုံး မိမိတို့ဘဝ တိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးစားဆောင် ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာန ရွှေတောင်မြို့ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် တွေ့ဆုံကာ သင်တန်းနည်းပြများ အနေဖြင့် ငှက်ပျော ကဲ့သို့ ဒေသထွက်ကုန်အခြေခံ ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက် ကြရန်၊ လက်ရက်ကန်း (၆)လသင်တန်းနှင့် အထည်အလိပ် (၁)နှစ်သင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ပေါင်း ကူးတက်ရောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသားသင်တန်းသူများ စက်ရက်ကန်း၊ လက်ရက်ကန်း လက်တွေ့သင်ယူနေမှု၊ သင်တန်းသားစားရိပ်သာ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်များနှင့် လက်မှုထည်ပြခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု၏ ဆီစက်လုပ်ငန်းနှင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြေပဲနှင့် နှမ်းကုန် ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ စွမ်းအားပြည့် ကြိတ်ခွဲနိုင်ရေး၊ ထွက်ရှိလာသောဆီများကို ဒေသခံပြည်သူများသို့ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်