နေပြည်တော် စက်တင်ဘာ ၁၆

အလေးမ အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌  ကျင်းပသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလို ပြိုင်ပွဲ၊ အမျိုးသမီး (၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး (၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများကို အားကစား နှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အမျိုးသမီး (၈၁)ကီလိုပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများနှင့် အမျိုးသမီး (၅၉)ကီလို ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ဆင့်မ သတ်မှတ်စံချိန်သစ် တင်နိုင်ခဲ့သည့် အားကစားသမားတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အမျိုးသား (၉၆)ကီလိုပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစား သမားများနှင့် အမျိုးသား(၅၅) ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အမြန်မ သတ်မှတ်စံချိန်သစ် တင်နိုင်ခဲ့သည့် အားကစားသမားတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ အမျိုးသား(၁၀၂) ကီလိုပြိုင်ပွဲနှင့် အမျိုးသား(၁၀၉) ကီလိုပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် အားကစားသမားများနှင့် အမျိုး သား (၇၃) ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ဆင့်မ စံချိန်သစ် တင်နိုင်ခဲ့သည့်  အားကစားသမားတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က အမျိုးသမီး(၄၉) ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၆၇)ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊ အမျိုးသမီး အကောင်း ဆုံး အားကစားသမားဆုရရှိသည့် အားကစားသမားနှင့် အမျိုးသားအကောင်းဆုံး အားကစားသမား ဆုရရှိသည့် အားကစားသမားတို့ကို ဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသမီး (၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊ အမျိုးသမီး တံခွန်စိုက် ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့ကို လည်းကောင်း ဆုတံဆိပ်များ၊ ဆုကြေးငွေများနှင့် တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာ (၁၂)ရက်မှ (၁၆)ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့် ရေးရုံ၌ ကျင်းပခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃) သင်းနှင့် အမျိုးသမီး အသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်