နေပြည်တော် စက်တင်ဘာ ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းပိုင်းတွင် Crowne Plaza ဟိုတယ်၌ ကျင်းပသည့်  ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ တက်ရောက် အမှာစကားပြောကြားသည်။

အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပိုးလမ်းမတစ်လျှောက် ဒေသများတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းမှာ အလွန် အဓိပ္ပါယ်ရှိပါကြောင်း၊  ယနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အား ကောင်းခိုင်မာစေရန် ဆောင်ရွက်ရာတွင် e-Commerce မှာ အလွန်အရေးပါလှပါကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်၌ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှုများအပေါ် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ မကြာသေးမီနှစ်များအတွင်း ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုများ သိသာထင်ရှားစွာ တိုးတက်ဖြစ်ထွန်းလာကြောင်း၊  ဒစ်ဂျစ်တယ် ဂေဟစနစ် ခိုင်မာအားကောင်းစေရန် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို ခေတ်နှင့် လျော်ညီစေရန် ဘက်စုံဒစ်ဂျစ်တယ်လမ်းပြ မြေပုံကို ချမှတ်ဆောင်ရွက်နေကြောင်း၊ ဒစ်ဂျစ် တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee - DEDC) ကို ဖွဲ့စည်းထားပြီးဖြစ်ကာ မိမိကဥက္ကဋ္ဌ အဖြစ် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို  ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး မြှင့်တင်ရန် ပြုပြင်ပြောင်း လဲမှုများကို ဆောင်ရွက်နေကြောင်း၊  အားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးမှုကိုမောင်းနှင်ရန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ ပညာရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာစေရန် အရှိန်မြှင့်တင်ကာ ဆောင်ရွက်နေပါကြောင်း၊  ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုထွန်းကား လာစေ ရန် ပါဝင်သည့် နိုင်ငံများက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများနှင့် စွန့်ဦး တီထွင် ဆောင်ရွက်မှုများပြုခြင်းတို့အပေါ် အတူတကွ အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမစ္စတာလီဖေ့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ မစ္စတာ မြောင်ကျင်းဝမ်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်