နေပြည်တော် စက်တင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တရုတ်-အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဖန်ချန်းကန်မြို့ရှိ တိုင်းရင်း ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန် တည်ထောင်ဖွင့်လှစ်ထားရှိမှု အထိမ်းအမှတ်ပြခန်း ကိုသွားရောက်လေ့လာခဲ့ကြသည်။ ရှေးဦးစွာ တာဝန်ရှိသူများမှ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဇုန်ဖြစ်ပေါ်လာပုံ၊ ထုတ်လုပ်လျက်ရှိသည့် တိုင်းရင်းဆေးဝါး များအကြောင်း၊ တိုင်းရင်းဆေးပင်မျိုးစိတ်များအကြောင်း၊ တိုင်းရင်းဆေးဝါးတစ်မျိုးစီ၏ အသုံးပြုပုံများကို အသေးစိတ်လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းအတွင်း ပြသထားသည့် တိုင်းရင်းဆေးဝါး ကုန်ကြမ်းများ၊ ကုန်ချောများ၊ တိုင်းရင်းဆေးပင်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး သိရှိ လိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။

(၇)ကြိမ်မြောက် တရုတ်-အာဆီယံတိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဝါးနှင့် ကုန်ကြမ်းများအရည်အသွေး စစ်ဆးရေးနှင့် စံသတ်မှတ်ရေး ဆိုင်ရာမူဝါဒဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်း ချရေးဆိုင်ရာ ဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါးစက်ရုံများ တည်ထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ခေါင်းစဉ်များဖြင့်ကျင်းပရာ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မူဝါဒလုပ်ငန်းစဉ်များ၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းဆောင်ရွက်နေမှုများ၊ တရုတ်-အာဆီယံနိုင်ငံများနှင့် တိုင်းရင်းဆေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်