မောင်တံငါ (M.Sc)၊ မွေးသု(မန်း)
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာလုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန်အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digestibility) သို့မဟုတ် မည်မျှအကျိုးသက်ရောက်မှုရှိသည် (Net Energy) တို့ကို သိရှိရန်လိုအပ်ပေသည်။
ငါးမွေးမြူရေးအခန်းကဏ္ဍအတွက် အသုံးများသော အပင်မျှောလှေးများနှင့် သတ္တမျှောလှေးများတွင် ပရိုတိန်း (Protein)၊ အဆီဓာတ်များ(Fats)၊ ကစီ ဓာတ်များ (Carbohydrates)၊ အမိုင်နိုအက်စစ်ဓာတ်များ (Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes)နှင့် ပြည့်ဝအဆီ(polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာ ပါဝင်ရုံမျှမက အစာချေဖျက်နှုန်း ကောင်းမွန်သော သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။
သဘာဝရေထုများနှင့် ငါးမွေးမြူ သောကန်များအတွင်းရှိ ရေထုများတွင် အပင်မျှောလှေးများ (Phytoplankton) နှင့် သတ္တမျှောလှေးများ (Zooplankton)ဟူ၍ အုပ်စုနှစ်မျိုးရှိကာ အပြန်အလှန် သဟဇာတညီမျှစွာ ပါဝင်နေရန်မှာလည်း အထူးလိုအပ်ပါသည်။ အပင်မျှောလှေး ဆိုသည်မှာ အရွယ်အစားသေးငယ်ပြီး ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလင်းမီစု အစာအာဟာရဖွဲ့စည်းခြင်း (Photosynthesis) နည်းဖြင့် ရှင်သန်ကြီးထွားပွားများသည့် ရေညှိရေမှော်လေးများကိုဆိုလိုပါသည်။ သတ္တ မျှောလှေးဆိုသည်မှာ သက်ရှိအကောင် ငယ်လေးများဖြစ်ပြီး တစ်နည်းအားဖြင့် သက်ရှိအစာ(ရိုတီဖာ-Rotifer)ဟုခေါ် ဆိုကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သေးငယ်သည့် ရေနေသတ္တဝါငယ်လေးများဖြစ်ပါသည်။ သတ္တမျှောလှေးတို့သည် အပင်မျှောလှေးများကို စားသုံးကာ ရှင်သန်ကြီးထွားကြပေသည်။
ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ငါးများ၏ ပထမအဆင့်ငါးငယ်(ခေါ်) ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန် နှုန်းကောင်းမွန်စေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်မှာ လွန်စွာအရေး ကြီးလှပေသည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ငါး(Fish)နှင့် အခွံမာသတ္တဝါလေးများ (Crustanceaus)၏ အစောဆုံးအရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ် တကူစားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှုအနေဖြင့် မွေးမြူရာ၌ အသုံးပြုသော ရေထုနှင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏ အစာခြေစနစ်သည် ကောင်းစွာမဖွံ့ဖြိုးသေးသည့်အတွက် ၎င်းတို့၏ ပါးစပ်အရွယ်အစားနှင့် သင့်လျော်သော အစာကိုကျွေးမွေးရန်လိုအပ်ပြီး ထိုအထဲတွင် သက်ရှိအစာ(ရိုတီဖာ)သည် အသင့် လျော်ဆုံးဖြစ်ပါသည်။ နိုင်ငံတကာတွင် ငါးမှုန်ငါးသန် ထုတ်လုပ်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ သက်ရှိအစာ(ရိုတီဖာ)များ နေ့စဉ်အမြောက်အမြား လိုအပ်လျက်ရှိပါသည်။
ကန်အတွင်းရှိ ရေညှိရေမှော် လေးများကို သတ္တမျှောလှေးများက လည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များကလည်းကောင်း၊ ငါးငယ်လေးများကို ငါးကြီးများကလည်းကောင်း အဆင့်ဆင့်စားသုံးကြပြီး အစာကွင်းဆက် တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက်ရှိကြပေသည်။
အပင်မျှောလေးမွေးမြူနည်း
ရေညှိအမျိုးအစားပေါင်း ၄၃၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့်သည် ရေချို ရေပြင်များ၌သာ တွေ့ရှိရသကဲ့သို့ ရေငန်ရေပြင်များတွင်လည်း တွေ့မြင်ရသော ရေညှိမျိုးစိတ်များလည်းရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ရေချိုရေညှိတွင် အာဟာရတန်ဖိုး(% dry weight) အားဖြင့် အသားဓာတ် ၅၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၃ ဒသမ ၈ ရာခိုင်နှုန်းပါဝင်သည်။ ရေချိုရေညှိသည် လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားပြီး မူရင်း မိခင်ဆဲလ်တစ်ခုအတွင်းတွင် မိခင်ဆဲလ် နှင့် ပုံစံတူဆဲလ်လေးခုဖြစ်ပေါ်လာကာ မွေးမြူရန် အကောင်းဆုံးအပူချိန်မှာ (၂၈−၃၅°C) အတွင်းဖြစ်ပါသည်။
သတ္တမျှောလေးမွေးမြူနည်း
ရိုတီဖာ (Rofiter)ဆိုသည်မှာ သတ္တမျှောလှေးအုပ်စုတွင်ပါဝင်သော ကျောရိုးမဲ့ ရေနေသတ္တဝါငယ် မျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေချိုမျိုးစိတ်နှင့် ရေငန်မျိုးစိတ် ဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ကာ ရေချိုမျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်နှင့် ရေငန်မျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၅၀ ခန့် အသီးသီးရှိကြပါသည်။ သက်ရှိအစာ ရေချိုရိုတီဖာတို့သည် လိင်မဲ့နည်းနှင့် လိင်ရှိနည်းတို့ဖြင့် မျိုးပွားခြင်းကို ပြုလုပ်ကြပါသည်။ ရေချိုရိုတီဖာများသည် အကောင်းဆုံးအပူချိန် (၂၅°C)တွင် သုံး၊ လေးရက်အထိ နေထိုင်အသက်ရှင်နိုင်ပြီး အပူချိန် (၁၅-၃၅°C) အထိ ခံနိုင်ရည်ရှိပါသည်။ ရိုတီဖာတို့ နှစ်ခြိုက်သော ရေချိုရေညှိကို နေရောင်ခြည် ကောင်းစွာရရှိသောနေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့် ပစ္စည်းများကို အသုံးပြု နိုင်ပြီး ဇယားပါ အချိုးအစားများအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရပါမည်။ ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့် ရေစစ်ရေကို (၁:၃) ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့် ပမာဏကို အခြေခံတွက်ချက်ကာ သမ အောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမီစုအစာဖွဲ့စည်းခြင်း ကောင်းစွာ ပြုလုပ်နိုင်ရန်နှင့် အထက်နှင့်အောက်ခြေ သမအောင် ကန်အတွင်းသို့ ပျော်ဝင် အောက်ဆီဂျင် (၆−၈ မီလီဂရမ်/လီတာ) ပမာဏကို လေပေးစက်ဖြင့် ပေးထားရန် လိုအပ်ပါသည်။
စတင်မွေးမြူသည့်ရက်မှ သုံးရက်မှငါးရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်အား အခြားမလိုလား အပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ်ပိုက်ကွက်(69 m)ဖြင့်စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ်သည့်ပစ္စည်းများ ထပ်မံထည့်သွင်း ရမည်ဖြစ်ပါသည်။
အထက်ပါနည်းလမ်းအတိုင်း မိမိတို့လိုအပ်သည့် သတ္တမျှောလှေးပမာဏ ရရှိလာစေရန် ပြင်ဆင်မွေးမြူထားသော ရေချိုရေညှိကန်အတွင်းသို့ သက်ရှိ ရိုတီဖာမျိုးစိတ်သီးသန့်အား 12 pcs/ml နှုန်းဖြင့်ထည့်သွင်းမွေးမြူပြီး လေး၊ ငါး ရက်အကြာတွင် ပမာဏအမြောက် အမြားပွားများလာသည်ကို တွေ့မြင်နိုင် မည်ဖြစ်ပါသည်။
ရေချိုရေညှိနှင့် သက်ရှိအစာ (ရိုတီဖာ)ကို မွေးမြူရာတွင် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်း ပမာဏအနည်းငယ် မွေးမြူခြင်း (laboratory scale culture)၊ အလတ်စားပမာဏ မွေးမြူခြင်း (Medium scale culture)၊ အမြောက် အမြားမွေးမြူခြင်း (Mass culture) စနစ် တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ချင်း မွေးမြူခြင်း(Batch culture)နှင့် စဉ်ဆက် မပြတ်မွေးမြူခြင်း (Continuous culture)တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။
သက်ရှိအစာ(ရိုတီဖာ)တွင် ပရို တိန်းဓာတ် ၆၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ငါးမှုန်အဆင့်တွင် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ရေညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့အတူ သက်ရှိအစာ (ရိုတီဖာ)ကို မွေးမြူထား သော ကန်အတွင်းမှ ခပ်ယူ၍ ငါးသား ပေါက်ကန်များအတွင်းသို့ ပက်ဖျန်း ကျွေးမွေးခြင်း သို့မဟုတ် သက်ရှိအစာ (ရိုတီဖာ) မွေးမြူထားသော ကန်အတွင်းသို့ ငါးမှုန်များအား ပြောင်းရွှေ့ထည့်သွင်း မွေးမြူခြင်းတို့ဖြင့် နှစ်သက်ရာပုံစံဖြင့် မွေးမြူနိုင်ပါသည်။ မွေးမြူထားသော ကန်များအတွင်းမှ ရိုတီဖာများ အမြောက်အမြားစုဆောင်းရရှိပါက လေလုံအိတ် ငယ်များအတွင်းသို့ ထည့်သွင်းကာ ရေခဲသေတ္တာ (၄°C) အတွင်း အေးခဲထားရှိပြီး နှစ်လ၊ သုံးလအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။
မွေးမြူသားဖောက်ထားသောငါးမှုန်များ ဥမှအကောင်ပေါက်ပြီး သုံးရက်သားခန့်တွင် ရိုတီဖာကို စတင်ကျွေးမွေးနိုင်ကာအနည်းဆုံးတစ်ပတ်သားမှ အများဆုံး နှစ်ပတ်သားအထိ သက်ရှိအစာကျွေးမွေး နိုင်မည်ဆိုပါက ငါးများရှင်သန်နှုန်းကို သိသာစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်၍ သုတေသနပြုစမ်းသပ်မှုများအရ ရှင်သန်နှုန်း ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါသည်။
လူ့ကျန်းမာရေးနှင့် အပင်မျှောလှေး၊ သတ္တမျှောလှေးစျေးကွက်
နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြုရန် ကျန်းမာရေးဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြပါသည်။ ထို့အပြင် ငါးများနှင့် အခွံပါသတ္တဝါများကို ကျွေးမွေးရန် အမှုန့်ပုံစံဖြင့် လည်းကောင်း၊ သက်ရှိအစာ မွေးမြူရေး လုပ်ငန်းများအတွက် အရည်ပုံစံ အဖြစ်လည်းကောင်း၊ အသင့်မွေးမြူရန်အတွက် သက်ရှိအစာ ရေချိုရိုတီဖာ မွေးမြူရန် ဥ(cysts)များကို စနစ်တကျ ထုပ်ပိုးထားသော အိတ်ပုံစံဖြင့် လည်းကောင်း၊ ရေချိုရိုတီဖာ (အရှင်)ကို ထုပ်ပိုးအိတ်များဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်အသုံးပြု လျက်ရှိပါသည်။
ငါးမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးရေး
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငါးမှုန်အရွယ် ငါးငယ်များအတွက် လိုအပ်သော အာဟာရတန်ဖိုးများ ပါဝင်အောင် ဖော်စပ်စာများ ထုတ်လုပ်ဖြန့်ဖြူး အသုံးပြုကျွေးမွေးလျက်ရှိသော်လည်း အဆိုပါ ကျွေးမွေးလိုက်သည့် ဖော်စပ်စာ များကို ငါးငယ်များက ကုန်စင်အောင် မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည်အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ် ခြောက်သွေ့ မာကျောသဖြင့် အစာခြေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ်များအတွက် ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ခြင်း၊ ထိုမှတစ်ဖန် ရှင်သန်နှုန်းကျဆင်းသဖြင့် တစ်ဖက်တစ်လမ်းမှလည်း စီးပွားရေး ဆုံးရှုံးစေခြင်း စသောအချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့အောင်မြင်သော ငါးမှုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အထောက်အကူပြု ပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး၏ ငါးမှုန်အဆင့်တွင် ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေ ရုံသာမက အာဟာရဓာတ်များပြည့်စုံစွာ ပါဝင်သော သက်ရှိအစာ ရိုတီဖာ၏ အရေးပါပုံနှင့် မွေးမြူပုံနည်းစနစ်တို့အား အသုံးပြုနိုင်ရန် မျှဝေဖော်ပြရေးသား လိုက်ရပါသည်။ ။