ရန်ကုန် စက်တင်ဘာ ၁၇
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ မှော်ဘီခရိုင်နှင့် လှည်းကူးခရိုင်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားကို ပြိုင်ပွဲကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပါမောက္ခချုပ်ဒေါက်တာ ကေသီထွေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲသို့ မင်္ဂလာဒုံခရိုင်၊ မှော်ဘီခရိုင်နှင့် လှည်းကူးခရိုင်တို့မှ ကိုယ်စားပြု မြို့နယ်များဖြစ်ကြသည့် မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ အဆိုပြိုင်ပွဲဝင် (၂၄)ဦး၊ အကပြိုင်ပွဲဝင် (၅)ဦး၊ အရေးပြိုင်ပွဲဝင် (၅)ဦးနှင့် အတီးပြိုင်ပွဲဝင် (၃၁)ဦး စုစုပေါင်း (၆၅)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်ပြိုင်ပွဲ အမျိုးအစားများအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲစဉ်အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ပြီး ပြိုင်ပွဲတွင် ဆုအများဆုံးရှိခဲ့သည့် မှော်ဘီမြို့နယ်အား တံခွန်စိုက်ဆုနှင့် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)