နေပြည်တော်   စက်တင်ဘာ   ၁၉

 

စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ဖြစ်သူ H. E. Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဝန်ကြီး ဌာန၌  ဆောင်ရွက်လျက်ရှိသည့် အကြီးစားစက်ရုံများဖြစ်သည့်  သံမဏိစက်ရုံများ၊  ချည်မျှင်နှင့် အထည်အလိပ် စက်ရုံများနှင့် ဆေးဝါးစက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   နည်းပညာနှင့်  စီမံခန့်ခွဲမှုသင်တန်းများကို ပံ့ပိုးကူညီပေးနိုင်ရေး၊ အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယ နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် သင်တန်းကျောင်း များသို့  ပညာတော်သင်များ  စေလွှတ်ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံအစိုးရ၏  ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများရှိ ဆရာ ဆရာမများအတွက်    နည်းပညာဆိုင်ရာ     နည်းပြ သင်တန်းများ ပံ့ပိုးပေးနိုင်ရေးနှင့် အမျိုးသားသံမဏိ မူဝါဒရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများ    ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့    စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်