နေပြည်တော် စက်တင်ဘာ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့ သွားရောက်လေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ ထုတ်ကုန်များ အခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့် နည်းပညာဆိုင်ရာ စက်ကိရိယာများ အသုံးပြုဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကုမ္ပဏီသမိုင်းကြောင်းနှင့် Biometric ဆိုင်ရာနည်းပညာဆိုင်ရာ ထုတ်ကုန်များ ဈေးကွက်ဖြန့်ချိနိုင်မှု၊ တရုတ်နိုင်ငံအစိုးရနှင့် ပူးပေါင်း၍ e-ID စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ID ကတ်များ ထုတ်လုပ်ပေးနိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming နှင့်အတူ ဘေဂျင်းမြို့ရှိ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လေဆိပ်ဖွင့်လှစ်ခဲ့မှုနှင့် ပြည်တွင်း/ပြည်ပ ခရီးသည်များ ဝင်ထွက်သွားလာမှုအခြေအနေ၊ လေဆိပ်ပြည်ပ ထွက်ခွာကောင်တာများ၌ နိုင်ငံကူးလက်မှတ်(Passport)အား နည်းပညာအသုံးပြု စစ်ဆေးမှုနှင့် ခရီးသည်တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု၊ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် (e-Passport) ကိုင်ဆောင်သူများအတွက် နည်းပညာဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုစနစ် အသုံးပြုမှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့သည် ဘေဂျင်းမြို့ရှိ Daxing ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန (Daxing New Gateway of China) သို့သွားရောက်၍ နိုင်ငံခြားသားများကို ပြည်ဝင်ဗီဇာအမျိုးမျိုး ခွင့်ပြုထုတ်ပေးမှု၊ နေထိုင်ခွင့်ဆိုင်ရာနှင့် နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးနေမှု၊ ယင်းလုပ်ငန်းစဉ်းများအား နည်းပညာအသုံးပြု၍ ၂၄ နာရီ ဝန်ဆောင်မှုပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြရာ လုပ်ငန်းတာဝန်ခံများက လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်