လွိုင်ကော် စက်တင်ဘာ            ၂၀

 

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSMEs လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် နိုင်ငံစီးပွားရေးကို တိုးတက်စေမည်ဖြစ်၍ MSMEs စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများကို One Region One Product အဖြစ် ရွေးချယ်၍ အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူးက ပြည်နယ်အတွင်း MSMEs စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်များ၊ ပူးပေါင်းချိတ်ဆက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပံ့ပိုးကူညီပေးနိုင်မည့် ကိစ္စရပ်များကို  ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ကဏ္ဍအလိုက် ဒေသထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသော အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်း ပြခန်းများဖြစ်သည့် သစ်အခြေခံထုတ်ကုန်ပစ္စည်းများပြခန်း၊ သမဝါယမ ထုတ်ကုန်ပစ္စည်းများပြခန်း၊ ရေထွက်ထုတ်ကုန်ပစ္စည်းများပြခန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ အိမ်တွင်းမှုသက်မွေးလုပ်ငန်းထုတ်ကုန် ပစ္စည်းများပြခန်း၊ စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများပြခန်း၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းများပြခန်း၊ စက်မှုလက်မှုထုတ်ကုန် ပစ္စည်းများပြခန်း၊  အသေးစားစက်မှု လက်မှုထုတ်ကုန်ပစ္စည်းများပြခန်း၊ ရက်ကန်းလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်