သတင်း- ဖြိုးလေး၊ ငုရွှေဝါ၊

ဓာတ်ပုံ - ဇော်ဘောက်

 

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်သည် သဘာဝသယံဇာတများ ပေါများသည့်အလျောက် အာရှ၏ အကောင်းဆုံး ကျောက်စိမ်းရတနာ ထွက်ရှိသည်သာမက ကချင်ပြည်နယ်မှထွက်ရှိသော ပယင်းကျောက်သည်လည်း လူကြိုက်များလှသည်။ ထို့အပြင် စိုက်ပျိုးမြေမှာလည်း များစွာဖြစ်ထွန်းသည့် မြေဆီလွှာ ကောင်းများရှိသည့် ဒေသဖြစ်သည်။ ရေမြေတောတောင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး သာယာလှပသော ရှုခင်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းများ၊ ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များ စသည်တို့က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုလျက်ရှိသည်။

 

ဒေသထွက် ကျောက်စိမ်း၊ ပယင်း အချောထည်များ ၊ ရိုးရာဂျပ်ခုတ်အဆင်၊ ရိုးရာပုဆိုးတို့သည် ပြည်နယ်အတွင်း ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) အဖြစ် တိုးတက်လျက်ရှိသည်။ ထို့အတူ သဘာဝအလျောက် ဆေးဖက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ်၊ ဂျင်စင်း၊ မရှော့၊ ရှီးပတီး (ခေါ် )ပိုးဆေးနွယ်ရှင် စသည့်အပင်များ ပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။

 

လုပ်ငန်းပေါင်း ၃၅ ခု

 

ဒေသမှ ထွက်ရှိသော အဖိုးတန်ဆေး ဖက်ဝင်အပင်၊ အရွက်၊ အသီး၊ အခေါက်၊ အမြစ်များဖြင့် ဖော်စပ်ထုတ်လုပ်ထားသော အစွမ်းထက်မြက်သည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းများရှိရာ ကချင်ပြည်နယ်အတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၃၅ ခုရှိကြောင်းလည်း သိရသည်။ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်ကင်းကာ အကျိုးသက်ရောက်မှုရှိသော တိုင်းရင်းဆေးဝါးများကို အများ ပြည်သူတို့ သုံးစွဲရန်အတွက် သက်ဆိုင်ရာက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

 

ကချင်ပြည်နယ်မှ ထွက်ရှိသော အစာကြေဆေး၊ ရှူလိမ်းဆေး၊ အကြောပြေ ဒဏ်ကြေလိမ်းဆေး၊ မီးယပ်ဆေး၊ သွေးအားတိုးဆေး၊ အဆုတ်ရောဂါ သောက်ဆေး၊ သလိပ်ပျော်အစာကြေ ဆေးပြား၊ အခိုးပွင့်သွေးဆေး၊ အကျိတ် မန်းဆေး၊ ကလေးသူငယ်နာဆေး၊ လိပ်ခေါင်းဆေး၊ မီးယပ်သွေးသန့်ဆေး၊ အဖုအကျိတ်နာ သောက်ဆေး၊ အရိုးနှင့် အနာစည်းဆေး၊ ဆေးမြစ်စုံ ဒဏ်ကြေလိမ်းဆေး၊ ကချင် ဆေးမြစ်စုံဆေး၊ စိမ်သောက်ဆေး အစရှိသည့်ဆေးများကို ဆေးဖက်ဝင် အပင်များနှင့် ဖော်စပ်ထုတ်လုပ်ရောင်းချလျက်ရှိသည်။

 

ထိုသို့ ထုတ်လုပ်နေသည့် လုပ်ငန်းများအနက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး တစ်ဝိုက်မှ ထွက်ရှိသော ဆေးဖက် ဝင်အပင်များဖြင့် ဖော်စပ်ထုတ်လုပ်နေသည့် ဘဝသစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကို တင်ပြမျှဝေ လိုပါသည်။

 

တိုင်းရင်းဆေးကုန်ကြမ်းများ

 

အဆိုပါဆေးတိုက်သည် အဆုတ်ဆေးကို အဓိကထား ထုတ်လုပ်ပြီး လေနိုင်ဆေး၊ ဒူလာဆေး၊ ချောင်းဆိုး ရောဂါသောက်ဆေး၊ ရိန်းဂျား ဒဏ်ကြေလိမ်းများ ထုတ်လုပ်လျက်ရှိသည်။ ဆေးဝါးများ ထုတ်လုပ်ရာတွင် အဆုတ်ရောဂါဖြစ်ပွားသူများအတွက် အဓိကထား ထုတ်လုပ်ပြီး ဆေးမြစ်၊ ဆေးနွယ်၊ ဆေးရွက်များဖြင့် ပေါင်းစပ်ထုတ်လုပ် ထားခြင်းဖြစ်ကာ ပါဝင်သော ဆေးကုန်ကြမ်း အမယ်များသည် မြစ်ကြီးနားအနီး တစ်ဝိုက်မှရရှိသော ကုန်ကြမ်းများဖြင့် ဖော်စပ်ထားကြောင်းလည်း သိရသည်။ သဘာဝသစ်နွယ်သစ်မြစ်၊ သစ်ရွက်၊ သစ်ခေါက်များဖြစ်သော ကျားခြေရာ၊ နနွင်းခါး အစရှိသည်များနှင့် ထုတ်လုပ် ထားရှိသောကြောင့် ဆေးဖက်ဝင် အာနိသင်အနေဖြင့် ရောဂါအခြေအနေပေါ် မူတည်၍ သက်သာပျောက်ကင်းကြောင်း သိရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ထုတ်လုပ်မှု များပြားမှုရှိခဲ့ကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများပါ မှာယူမှုရှိသဖြင့် ပိုမိုရောင်းချ နိင်ခဲ့ကာ ဆေးစွမ်းထက်မြက်မှုကို ပိုမိုသိရှိလာကြကြောင်း ဆေးတိုက် ပိုင်ရှင်ဖြစ်သူ ဦးမရစ်နော်ဂျာက ပြောသည်။

 

လက်ဆင့်ကမ်းအမွေ

 

ယင်းဆေးဝါးများကို ၁၉၅၈ ခုနှစ် ကတည်းက ဖခင်ဖြစ်သူ စတင်လုပ်ကိုင်ခဲ့ရာ မိမိအနေဖြင့် လက်ဆင့်ကမ်း အမွေအဖြစ် ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိရိုးဖလာဆေး ဖော်စပ်နည်းအတိုင်း လက်ရှိတွင် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ပိုင်ရှင်က ဆက်လက် ပြောပြသည်။ နေ့စဉ် ဆေးထုပ်အသေး အရေအတွက်တစ်ထောင်ခန့် ထုတ်လုပ် နိုင်ကြောင်းနှင့် တစ်နိုင်တစ်ပိုင်မှသည် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပါ တိုးပွားရေးကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရသည်။

 

mdn

 

အလုပ်အကိုင်အခွင့်အလမ်း

 

ထိုသို့ အလုပ်အကိုင် အခွင့်အလမ်း တိုးပွားခြင်းနှင့်အတူ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရာ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

 

ကချင်ပြည်နယ်ရှိ သဘာဝ တောတောင်များမှ ထွက်ရှိသော ဆေးဖက်ဝင်အပင်များဖြင့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူ ပြုစေမည်ဖြစ်ခြင်း၊ ပြည်တွင်းမှ ရရှိနိုင်သော သယံဇာတဆေးဝါးများကို တွင်ကျယ်စွာ ရရှိနိုင်ရေးနှင့် အသုံးချနိုင် ခြင်းတို့အပြင် ဒေသနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေမည်သာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။