ပုသိမ် စက်တင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာ သည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။
ဉီးစွာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်တွင် ဥပဒေနှင့်အညီ နေထိုင်ခြင်းရှိ/မရှိ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ တူညီနေမှုရှိ/မရှိ၊ ဝန်ထမ်းများပါဝင်နေမှု ရှိ/မရှိ၊ ပါတီတစ်ခုထက်ပို၍ ပါတီဝင်ဖြစ်နေမှု ရှိ/မရှိ၊ နေရပ်လိပ်စာပြည့်စုံမှု ရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိတို့ကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း စိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများ၊ အလုပ်အမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)