နေပြည်တော်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ခွန်တင်ထွန်း (ခ) ခွန်ဧပရယ် မောင်းနှင်ပြီး ခွန်စိုးထိုက် လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၆,၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်