နေပြည်တော်၊ စက်တင်ဘာ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၂ ရက်နှင့် ယနေ့တွင် ရုမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ် (လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ် (လားရှိုး) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (လားရှိုး) သို့သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာ တက္ကသိုလ် (လားရှိုး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (လားရှိုး) သို့ရောက်ရှိပြီး ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာအချက်အလက်များ ဆွေးနွေးတင်ပြ၍ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေး သုတေသန ဆောင်ရွက်နေမှုများနှင့် စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယနေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ် (လားရှိုး) သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး လူစွမ်းအား အရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများဖြစ်စေရေးအတွက် ICT နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး Learning Management System များဖြင့် စဉ်ဆက်မပျက် သင်ယူခွင့်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် လက်တွေ့ ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ အခြေခံ အဆောက်အဦများနှင့် အသစ်ဆောက်လုပ်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်နှင့် အိပ်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အရည်အသွေးပြည့်မီသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေး ဦးတည်ဆောင်ရွက်သွားရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်