နေပြည်တော် စက်တင်ဘာ  ၂၄

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘ (၂၂) ရက်မှ (၂၄) ရက်အထိ မိတ္ထီလာ - မြင်းခြံ သံမဏိစက်ရုံ ရထားလမ်းပိုင်း၊ ဇီးပင်ကြီး- ပွဲကောက် ရထားလမ်းပိုင်း၊ စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ မန္တလေး ဘူတာကြီး၊ လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံ (မြစ်ငယ်)နှင့် မြစ်ငယ်ရထားလမ်းတံတားသစ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် မိတ္ထီလာ-မြင်းခြံ သံမဏိစက်ရုံသို့ သွားသည့် ရထားလမ်းပိုင်း တစ်လျှောက် အဆင်မြှင့်တင်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို RBE ရထားဖြင့် စီးနင်းလိုက်ပါစစ်ဆေးပြီး ရထားလမ်းဘေး ဘယ်/ညာရှိ လဲလှယ်ထားသည့် သံလမ်းအဟောင်းနှင့် ဆက်စပ်ပစ္စည်းများအား နေရာတစ်ခု သတ်မှတ်၍ စနစ်တကျစုပုံထားရန်၊ လမ်းပိုင်းအတွင်းရှိ အချက်ပြနှင့် သတိပေးမှတ်တိုင်များ ယိုင်နဲ့နေမှု ဆေးရောင်ပျယ်လွင့်နေမှုတို့ကို စစ်ဆေးပြု ပြင်သွားရန်၊  လမ်းခင်းကျောက်ဖြည့်တင်း ထားသည့်နေရာများတွင် သတ်မှတ်ပုံစံအတိုင်း စနစ်တကျပါကင်ရိုက်၍ အချောသတ်လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြေပြန့်လမ်းပိုင်း ဖြစ်သဖြင့် လမ်းပိုင်းအချောသတ် ဆောင်ရွက်ပြီးပါက မိုင်းနှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊ ရထားလမ်းတံတားနေရာများရှိ ဆွေးမြေ့နေသည့် သစ်သားဇလီဖားတုံးများအား အမြန်လဲလှယ်သွားရန် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇီးပင်ကြီး-ပွဲကောက်ရထားလမ်းပိုင်းကို RGC ဖြင့် စစ်ဆေးခဲ့ရာ ရထားလမ်း ဘေးတစ်လျှောက်နှင့် ဘူတာယာဒ်ဝင်းများရှိ မြက်၊ ချုံနှင့် အမှိုက်ရှင်းလင်းသွားရန်၊ Point နှင့် အချက်ပြစနစ်များ၊ Level Crossing နေရာများ ကောင်းမွန်စေရေး စစ်ဆေးသွားရန်နှင့် ဘူတာများရှိ ဝန်ထမ်းနေ အိမ်လိုင်းခန်းပျက်စီးနေမှုကို စစ်ဆေးပြုပြင် သွားရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့ကို ကြည့်ရှုစစ်ဆေးပြီး အသစ်တပ်ဆင် ထုတ်လုပ်နေသည့် လူစီးတွဲသစ်များ အချိန်မီ ပြီးစီးရေး၊ ကုန်တွဲများအချိန်မီ ပြုပြင်ပြီးစီးရေး၊ ပြည်ပမှစက်အပိုပစ္စည်း ဝယ်ယူမှုများ လျှော့ချနိုင်ရန်အတွက် မိမိစက်ရုံကြီးများတွင် အရည်အသွေးပြည့်မီသည့် အပိုပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးဘူတာကြီးကို စစ်ဆေးပြီး ဘူတာနှင့် ယာဒ်ဝင်းအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ဘူတာယာဒ်ဝင်းလမ်းများ ကြံ့ခိုင်မှုကောင်းမွန်အောင် စစ်ဆေးဆောင်ရွက်ရေး၊ ရထားပြေး ဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရန်အတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေး၊ ရထားစီးခရီးသည်နှင့် ပစ္စည်းများလုံခြုံရေးအတွက် မြန်မာ့မီးရထားရဲတပ်ဖွဲ့နှင့် ဘူတာရှိ မီးရထားဝန်ထမ်းများ ပူးပေါင်း၍ စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်နှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အဓိကကျသည့် မြစ်ငယ်တံတားသစ်သို့ သွားရောက်စစ်ဆေး၍ ရေရှည်ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)