နေပြည်တော်  စက်တင်ဘာ ၂၅

 

သစ်တောဦးစီးဌာနရှိ တောအုပ်ကြီးများ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပသည်။ 

 

ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနသည် သစ်တောထိန်းသိမ်းရေး၊ သစ်တောများ စီမံအုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်ရမည့် တောအုပ်ကြီးများအနေဖြင့် ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စနစ်များနှင့်အညီ သစ်တောသယံဇာတများကို အကောင်းဆုံးစီမံခန့်ခွဲနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အထည်ဖေါ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း။ 

 

ယခုသင်တန်းတွင် သစ်တောဦးစီးဌာန၏ လက်ရှိ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အခြား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ပို့ချသွားမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍ ဖြစ်သည့်အတွက် သင်တန်းမှ ပို့ချချက်များကို အထူးလေ့လာကြိုးစား သွားကြရန်၊ စာတွေ့လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိအောင် အသုံးချသွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစားသွားကြရန် မှာကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 

 

သတင်းစဉ်