နေပြည်တော်၊ စက်တင်ဘာ ၂၈
ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေအရ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီး ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် နေ့ကလေးထိန်းဌာန/ မူလတန်း ကြိုကျောင်းများ၊ ရပ်ရွာအခြေပြု/ အိမ်အခြေပြု ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ကို ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဥပဒေအရဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေတစ်ရပ်ထူထောင်ရမည်ဖြစ်ပြီး အဆိုပါရန်ပုံငွေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည့် နေရာများတွင် ပြန်လည်အသုံးပြုခြင်းကို စနစ်တကျ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့၏ သဘောထားမှတ်ချက်များရယူ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေး စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက နေ့ကလေးထိန်းဌာန၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြု၊ အိမ်အခြေပြု လုပ်ငန်းများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက် လွှမ်းခြုံမှု ရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်