နေပြည်တော်၊ စက်တင်ဘာ၂၈

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံး လုပ်နည်း စံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုအဆင့်  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က  (Standard Operating Procedure –SOP) လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးအတွက် သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးရေး ဆက်လက်ကြိုးပမ်းသွားကြရန်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်လုပ်ငန်းကော်မတီများ အနေဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ် ၃၁ ရက် မတိုင်မီကာလနှင့် ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁ ရက် နောက်ပိုင်းကာလ ခွဲခြား၍ စာရင်းပြုစုကောက်ယူဆောင်ရွက်ပြီး မြေပြင်အနေအထားပေါ်တွင်မူတည်၍ ရေးဆွဲပြုစုထားသည့် စံလုပ်ထုံးလုပ်နည်း (SOP) ကို ပြည်ထောင်စု အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအား ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစတင်သည့် အခါ  သက်ဆိုင်ရာလုပ်ငန်းကော်မတီများက လက်ရှိမြေပြင်တွင် ကာလခွဲခြားပြီး စာရင်းကောက်ယူမှုများကို မှန်ကန်မှု ရှိစေရေးအတွက် စနစ်တကျခွဲခြား ကောက်ယူရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူးက  လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံး လုပ်နည်း စံနှုန်း (SOP) မူကြမ်း စုဆောင်းရရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီဝင်များက SOP တွင် ပါသင့်ပါထိုက်သည့် အချက်များ  ထည့်သွင်းပြဋ္ဌာန်း သတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

(SOP) မူကြမ်းများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက စိစစ်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မပြဋ္ဌာန်းမီကာလ ကျူးလွန်မှု၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အာဏာတည်ပြီး နောက်ပိုင်းကာလ ကျူးလွန်မှု၊ နောက်နောင်ထပ်မံမဖြစ်ပွားစေရေးဟူ၍ အပိုင်း (၃) ပိုင်း ဖြင့်စိစစ်ပြီး ၊ တည်ဆဲ တည်ဆဲ ဥပဒေများ နည်းဥပဒေများနှင့်အညီ တိုးပွားလာသော လူဦးရေအတွက် နေထိုင်နိုင်ရန် မြေနေရာ လုံလောက်ရေးနှင့် စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ ဥပဒေမဲ့ကျူးလွန်အသုံးပြုခြင်းနှင့် ကျူးကျော်လုပ်ကိုင်ခြင်းတို့ကို ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်