ညောင်တုန်း  ၁၉  ဖေဖေါ်ဝါရီ

 

ရန်ကုန်မြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးပြီး စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်မည့် ညောင်တုန်းမြို့ ညောင်ချောင်းသာ ဧရာကမ်းခြေ အပန်းဖြေစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စည်ကားစွာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းထံမှ သိရသည်။

 

ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွင့်ပွဲနေ့တွင် ကမ်းခြေသို့ ကားဝင်ကြေး၊ လူဝင်ကြေး၊ ဆိုက်ကယ်ဝင်ကြေးများ ကင်းလွတ်ခွင့် ပေးထားမည်ဖြစ်ကာ ကမ်းခြေရှိ စားသောက်ဆိုင်များတွင် ထိုင်ခုံငှာရမ်းခများ တောင်းခံမည်မဟုတ်ဘဲ နောက်ပိုင်းရက်များတွင်လည်း ထိုင်ခုံငှားရမ်းခများ လျှော့ကောက်ခံသွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးဝင်းက ပြောသည်။

 

ေ

 

ညောင်တုန်းမြို့ ညောင်ချောင်းသာကမ်းခြေမှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ်မှ စတင်၍ ရန်ကင်းသာ ကမ်းခြေအဖြစ် ဖွင့်လှစ်ခဲ့ရာမှ နှစ်စဉ် လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် စည်ကားလာပြီး ညောင်ချောင်းသာကမ်းခြေဟု လူသိများလာခြင်းဖြစ်ကြောင်း သိရသည်။ 

 

ယခုနှစ်ဖွင့်လှစ်မည့် ညောင်ချောင်းသာကမ်းခြေမှာ ဧရာဝတီမြစ်ကမ်းခြေတွင် ပေ ၁၅၀ဝ ကျော် ကျယ်ဝန်းသော သဲသောင်ပြင်ပေါ်တွင် အပန်းဖြေနိုင်သည့်အပြင် ပြေးလွှားဆော့ကစားနိုင်ခြင်း၊ ဘောလုံးကန်၊ ရေကူး၊ ရေချိုးနိုင်ခြင်း၊ ဧရာဝတီ မြစ်ပြင်ကျယ်မှ တိုက်ခတ်လာသည့် သန့်ရှင်းလတ်ဆတ်သည့် လေကောင်းလေသန့်များကို ရှူရှိုက်နိုင်ခြင်းများကြောင့် နှစ်စဉ်လာရောက် အပန်းဖြေသူ များပြားနေခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်ဖွင့်လှစ်မည့် ညောင်ချောင်းသာကမ်းခြေတွင် အပန်းဖြေကမ်းခြေ သန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေး၊ အန္တရာယ်ကင်းဝေးရေး၊ ဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ရေချိုးခန်း၊ အိမ်သာများပါ စနစ်တကျရှိစေရေးနှင့် သန့်ရှင်းရေးများကို အလေးထား ဆောင်ရွက်ထားကြောင်း သိရသည်။

 

ညောင်ချောင်းသာသို့ လာရောက်အပန်းဖြေရင်း ဒေသထွက်ကုန် ရာသီသီးနှံများကို ဝယ်ယူသွားနိုင်သည့်အပြင် ညောင်တုန်းမြို့ရှိ ရှေးသမိုင်းဝင် မိုးဟုတ်စေတီ၊ ဥသျှစ်လှစေတီ၊ အတုလမာရဇိန် သွန်းဘုရားကြီးနှင့် ဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏ နိုင်ငံအေး ဗုဒ္ဓရုပ်ပွားတော်ကြီးများကိုလည်း လှည့်လည်ဖူးမျှော်နိုင်ကြောင်း သိရသည်။

 

နေလင်း(ညောင်တုန်း)