နေပြည်တော်၊ စက်တင်ဘာ ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/ သံလွှင့် အဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development- AIBD)တို့ ပူးပေါင်းပြီး မဟုတ်မမှန် သတင်းများကို ကိုင်တွယ်ဖြေရှင်းရေး သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “Workshop on Media Literacy to address disinformation” ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင်  နေပြည်တော် Horizon Lake View Hotel, State Meeting Room 2 ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ Workshop Consultant Professor Dr Sara Chinnasamy ၊ Program Manager  Ms. Monica Phang၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့် အဖွဲ့အစည်းများ၊ Content Provider များ၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း (MBA) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မလေးရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr Sara Chinnasamy က သင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် သင်တန်းသား/ သူများကိုယ်စား မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ ဦးရဲနိုင်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ  မီဒီယာလောကတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည့် မီဒီယာ သိနားလည်မှုနှင့် စပ်လျဉ်း၍ ပိုပြီးနားလည်သဘောပေါက်မှုများ ရရှိမည်ဟု ယုံကြည်ပါကြောင်း အရေးကြီးသည့် ထိုးထွင်းသိမြင်မှုများနှင့် အရေးယူဆောင်ရွက်ရမည့် အချက်များဖြစ်သည့် သတင်းပညာ၏ ဓမ္မဓိဌာန်ကျမှုနှင့် content များအပေါ် တန်ဖိုးထားမှုများ၊ လိမ်လည်မှုပစ်မှတ်များ၊ ကောလာဟလ သတင်းများ၊ သတင်းမှား ခွဲခြားဖော်ထုတ်ရန် နည်းလမ်းများနှင့်  ပင်မမီဒီယာ၏ သတင်းတင်ဆက်မှုတွင် ယုံကြည်လက်ခံလာစေရန် နည်းလမ်းများ မြှင့်တင်ခြင်းစသည့် အကြောင်းအရာများကို ယခုဆွေးနွေးပွဲမှ အသားပေး ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊            ဒီနှစ်ရက်တာ ဆွေးနွေးပွဲမှ ရရှိလာသည့်ရလဒ်များကို နေ့စဉ်အစီအစဉ် ထုတ်လုပ်ခြင်းနှင့် သတင်းတင်ဆက်ခြင်း စသည့်လုပ်ငန်းခွင်များအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်မည်ဟုလည်း ယုံကြည်မိပါကြောင်း၊ နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် AIBD တို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဆွေးနွေးပို့ချသူ ကျွမ်းကျင်ပညာရှင် Dr Sara Chinnasamy က သင်တန်းသား/ သူများအား သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလွှာပေးအပ်ပြီး ဒုတိယဝန်ကြီး က Workshop Consultant Professor Dr Sara Chinnasamy နှင့် Program Manager  Ms. Monica Phang တို့ကို  ဂုဏ်ပြု အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က  “မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၏ တာဝန်များနှင့် သက်ဆိုင်ရာ နယ်ပယ်များနှင့် ဆက်သွယ်မှုများ” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ မြင်းမူမောင်နိုင်မိုးကိုလည်းကောင်း၊ “သတင်းထုတ်ပြန်ရေး ကန့်သတ်ချက်များနှင့် အစိုးရနှင့်ပုဂ္ဂလိကမီဒီယာများ၏ ကိုယ်ပိုင်သတ်မှတ်ချက်များ” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသူ Forever Group မှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်ကိုလည်းကောင်း၊ “ကန့်သတ်ချက်များကို ရင်ဆိုင်ဖြေရှင်းခြင်း”  ခေါင်းစဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ဆွေးနွေးသူ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံ ကိုလည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်သည်။

 

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် AIBD ၏ တက်ကြွသည့်  တင်းပြည့်အဖွဲ့ဝင်အဖြစ် (၁၉၉၇) ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်ခဲ့ကာ နိုင်ငံတော်မှ ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို အထူးထိန်းသိမ်း ဆောင်ရွက်သည်နှင့်အညီ ဒေသတွင်း နိုင်ငံများနှင့် မီဒီယာကဏ္ဍ ဆက်ဆံရေးနယ်ပယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ရုပ်သံမီဒီယာများ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများအား အခါအားလျော်စွာ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်