နေပြည်တော်   စက်တင်ဘာ ၂၉

 

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ် နိုင်ခြင်းနှင့် ဒေသအတွင်း လျှပ်တပြတ်(Flash Flood)ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင် စီမံခန့်ခွဲနိုင်ရန်လိုကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် တိရစ္ဆာန်အစာရေစာများ ရှားပါးလာနိုင်​သဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် ရေအလေအလွင့်မရှိစေရေးအတွက် မိုးကာလမကုန်မီ ရေရရှိနိုင်သော သလောက်စုဆောင်း၍ သိုလှောင်ထားကြရန် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်ရှိ ကျီးနီကန်ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

 

ထိုနောက်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှုက ကျီးနီကန်၏ ရေဝင်ရောက်မှု အခြေအနေများသည် နည်းပါလာ၍ ဒေသအတွင်းရရှိနိုင်မည့် ရေအရင်းမြစ်ရှာဖွေမှုကို ရှင်းလင်းတင်ပြဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ထိုမှတဆင့် သာစည်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဒါးမျိုးသန့်ခြံ၌ ဒေသမျိုးအပါအဝင် ဥဇဘက် ကစ္စတန် ဝါမျိုးသစ်ရှစ်မျိုးစမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် အပင်ဖြစ်ထွန်းမှု၊ ဝါဂွမ်း‌မွေးအရည်အသွေးနှင့် ဝါဂွမ်းချည်မျှင်ဆန့်ထွက်နိုင်မှုပမာဏတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာ ကြားသည်။

 

ယင်းနောက် ပျော်ဘွယ်မြို့နယ်ရှိ မင်းရာမရေလွှဲဆည်သို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူက ရေလွှဲဆည်အတွင်း စီးဆင်းနေသည့် စွေ့ချောင်းသဲနုန်းတူး‌ဖော်ခြင်းလုပ်ငန်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထိုမှတဆင့် ပျော်ဘွယ်မြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အခြေခံရေတိုင်းနှင့် မြေတိုင်းသင်တန်းကျောင်းသို့ ရောက်ရှိစစ်ဆေးပြီး သင်ကြားရေးအတွက် အထောက်အကူပြု ပစ္စည်းများ ကို ခေတ်နှင့်အညီ ကွင်းဆက်မပြတ် ဖြည့်တင်းနိုင်ရေးအတွက် စီစစ်တင်ပြနိုင်ရေး စီမံဆောင်ရွက်ရန်၊ စိုက်ပျိုးမြေအသုံးချမှုအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် မွေးမြူရေးသုတေသနစခန်း(ပျော်ဘွယ်)သို့ ရောက်ရှိပြီး တိရစ္ဆာန် အစာအဟာရအတွက် သုတေသနပြုစိုက်ပျိုးထားသောမြက်များနှင့် ခြံအတွင်းတူးဖော်ထားသော စက်ရေတွင်း၏ ရေအရည် အသွေးကို စမ်းသပ်စစ်ဆေးပြီး ရေတွင်းများမှတဆင့် ခြံအတွင်းသို့ ရေဖြန့်ဖြူးသည့်စနစ်ကို သက်ဆိုင်ရာ ဦးစီးဌာနမျာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သဖန်းချောင်း ရေလှောင်တမံသို့ ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံမှ စိုက်ပျိုးရေပေးဝေသော ရေပမာဏအပေါ်မူတည်၍ စိုက်ပျိုးသည့်သီးနှံပုံစံနှင့် ရေသုံးစွဲမှု အပေါ် အသေးစိတ်လေ့လာစမ်းစစ်ပြီး ရေအသုံးချမှု အစီရင်ခံစာပြုစုနိုင်သည်အထိ သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းပေါင်းစပ်၍ စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)