နေပြည်တော် စက်တင်ဘာ ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရဲနွယ်သမ ‘စံပြ’ ကျေးရွာသို့ သွားရောက်ပြီး ရဲနွယ် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း၏ ဆင်းသုခမျိုးစပါး စိုက်ခင်း (၃၄၉) ဧကနှင့် GW-11 မျိုးစပါးစိုက်ခင်း ဧက(၁၀၀) စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် အသင်းအမှုဆောင်များက မိုးစပါး (၄၄၉) ဧကစိုက်ပျိုးထားမ၊ ဆောင်းသီးနှံပဲတီစိမ်း (၄၄၉) ဧက လျာထားစိုက်ပျိုး မည့်အခြေအနေ၊ ရက် (၉၀) စပါးမျိုးဖြင့် နွေစပါးဧက (၃၀၀) လျာထားစိုက်ပျိုးမည့် အခြေအနေနှင့် စိုက်ပျိုးရေရရှိနိုင်မှု၊ သစ်စိမ်းမြေဩဇာအတွက် ပိုက်ဆံလျှော်(၁၄၉)ဧက စိုက်ပျိုးမည့် အခြေအနေနှင့် သရက်တောရိုး ရေထုတ်မြောင်း ဖောက်လုပ်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရာသီသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက် ပျိုးရန်၊ သွင်းအားစုများ တောင်သူလက်ဝယ် အချိန်မီရောက်ရှိရေး တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ရန်၊ ကြဲပက်စိုက်နည်း စနစ်အစား ပျိုးထောင်စိုက်နည်းစနစ်နှင့် အစေ့ချစိုက်နည်းစနစ်တို့ကို အသုံးပြုသွားရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခ မျိုးစပါးစိုက်ခင်း၊ GW-11 မျိုးစပါးစိုက်ခင်း၊ ကုန်ထုတ်လမ်း ပေ (၈၀၀၀) ဖောက်လုပ်မည့်နေရာ၊ ရေထုတ်မြောင်း ဖောက်လုပ်ပေးမည့်နေရာ၊ ကျေးရွာတွင်းလမ်း ဖောက်လုပ်မည့်နေရာ၊ နွေစပါးအတွက် အောင်ရေရရှိနိုင်မည့်အခြေအနေ၊ ၄၀၀ ဗို့အားလိုင်း ဆောင်ရွက်ပေးမည့်အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်း လီမိတက်သို့ သွားရောက်ပြီး ဒေသနွားမျိုး (၃၉)ကောင် မွေးမြူထားမှု၊ GW-11 စပါးမျိုးစိုက်ခင်း (၂၂၅)ဧက၊ ဆင်းသုခနှင့် အခြားစပါးမျိုး (၂၃၇) ဧက စိုက်ပျိုးထား မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာမည့်ဆောင်းသီးနှံ၌ ပဲတီစိမ်းနှင့် မတ်ပဲစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်အောင် စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)