နေပြည်တော်၊ စက်တင်ဘာ ၃၀

 

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှု လယ်ယာဗဟိုသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှု လယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် များမှ သင်တန်းသား (၄၀) တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကျွမ်းကျင်မှုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဒေသအသီးသီးမှ သင်တန်းသားများသည် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းပြီးမြောက်ခြင်း လက်မှတ်များနှင့် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်၍ စက်ကိရိယာပြင်ဆင်ရေးအလုပ်ရုံနှင့် လယ်ယာသုံးစက်ကိရိယာ များအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယနေ့ သင်တန်းဆင်းသည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်းသည် ကာလရှည် (၁)နှစ်သင်တန်းဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုပညာရပ်များသာမက စက်ပြင်ဆင်မှု ပညာရပ်များကိုပါ တစ်ပြိုင်တည်း ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် သင်တန်းဖြစ်ပြီး၊ အဓိကဘာသာရပ်(၈)မျိုးဖြစ်သည့် ထွန်စက်ကြီးနှင့် တွဲဘက်ကိရိယာ အမျိုးမျိုးမောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ လက်တွန်းထွန်စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ကောက်စိုက်စက်မောင်းနှင် ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်များ အပြင် အထောက်အကူပြု ဘာသာရပ်များဖြစ်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အလုပ်ရုံသုံး ကိရိယာများ၊ အခြေခံလျှပ်စစ်ပြုပြင် ထိန်းသိမ်းနည်းနှင့် LIFE SKILLS & (Sort,Set in Order,Shine, Standardize and Sustain) ဆိုသည့် 5S Methodology  ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို၊ မုန်တိုင်ကျေးရွာအနီးရှိ မုန်တိုင်ရေလှောင် တမံ၏ ရေဝင်ရောက်မှု၊ ရေပေးမြောင်း၊ ရေပိုလွှဲနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံ ရေဝင်ရောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)