နေပြည်တော် စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကံဦးကျေးရွာရှိ ဦးခိုင်ထွန်း၏ ဥစားဘဲမွေးမြူရေးခြံသို့ ရောက်ရှိပြီး ဥစားဘဲများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာရှိ ယူရီမြန်မာမွေးမြူရေးအစာထုတ်လုပ်ငန်း၌ မွေးမြူရေးအစားထုတ်လုပ်မှုနှင့် ဖြန့်ချိရေးလုပ်ငန်းများကို ကိုလည်းကောင်း မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်၌ စက်ရုံအတွင်း ဆန်ကြိတ်ခွဲထားမှုများနှင့် စပါးအခြောက်ခံစက် များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ မဟာထေရ်မြတ်နှင့် ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ မဟာရတနာ သိုက်ချောင်းတပ်ဦး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂေါဘာသ မထေရ်မြတ်တို့ထံ သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝန်ပြန်ကျေးရွာရှိ ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမ အသင်းလီမိတက်၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ ဘမ်ဘူး ဝါးကုန်ထုတ်လုပ်ငန်းစုသို့ သွားရောက်၍ ဝါးလက်မှုလုပ်ငန်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ သစ်တပ် ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွင်းအတွင်း ယူရီယားဓာတ်မြေဩဇာ တစ်ဆနှင့် သဘာဝမြေဩဇာ သုံးဆရောစပ်၍ ကြဲပက်နေမှု ကိုလည်းကောင်း ကြည့်ရှုအားပေး ပြီးလိုအပ်သည်များမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် သံလွင်လမ်းမကြီး ဘဲကုန်းမီးပွိုင့်မှ နေပြည်တော်ဘူတာကြီးအထိ လမ်းမကြီး ဘေးဝဲယာတွင် လူသွားပလက်ဖောင်း၏နောက်မှ လမ်းမကြီးထက်မြင့်တက်နေသည့် မြေသားများ လွှာထုတ်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)