နေပြည်တော် စက်တင်ဘာ ၃၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်းတွင် ကုန်သေတ္တာ(၆)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Solar Mounted Frames (၅၅၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆,၈၀၅,၀၀၀)၊ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Double Flask ရေနွေးဓါတ်ဘူး (၃၀၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)နှင့် Alliance ကားတာယာ (၂၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရေမွှေးပုလင်းမျိုးစုံ (၄၉)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၄၇၀,၀၀၀) ကိုလည်းကောင်း၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Deye Hybrid Solar Inverter (၂)လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပလပ်စတစ်ပုံးအမဲ (၂၄)လုံး အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၅၁၄,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၀,၉၈၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ် အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Wifi Router (၉၀)ခု အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၂၀,၀၀၀) ကိုလည်းကောင်း၊ ကျိုင်းတုံမြို့၊ ပန်ဥ/ ပန်ဆန်းရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ Lactasoy ပဲနို့ (၁၅၀၀၀)ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၇၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉,၈၇၀,၀၀၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် စက်တင်ဘာလ ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ ဂိုဒေါင်၌ တရားမဝင် ခဲသတ္တု(၁၈၆၂၀) ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၈,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာလ ၂၈ ရက်တွင် ရခိုင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဂွမြို့နယ်၊ ဒေါင့်ချောင်းစစ်ဆေး ရေးဂိတ်၌ တရားမဝင် သစ်မျိုးစုံ(၇ ဒသမ ၆၀၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၂,၆၃၀) ကိုလည်းကောင်း၊ ဂွမြို့နယ်၊ ဆပ်သွားချောင်းလမ်းမကြီးဘေး၊ ကျောက်ချပ်ရွာအနီး၌ တရားမဝင်သစ်မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၄,၈၁၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၇၉၇,၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၂ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၀,၂၅၆,၄၄၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)