ထားဝယ်၊ အောက်တိုဘာ ၁

 

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမြင့်နိုင်၊ ရဲတပ်ကြပ်သက်နေလင်းတို့အားလည်းကောင်း၊ တရားမဝင် ကုန်ပစ္စည်းများ အများဆုံး ဖမ်းဆီးနိုင်ခဲ့သူ ထားဝယ်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်သူအားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ရဲတပ်ကြပ်ကြီးသင်တန်းနှင့် ရဲအကြပ်ငယ် သင်တန်းတို့တွင် အကောင်းဆုံးကျောင်းသားဆုရရှိခဲ့သည့် အမျိုးသမီးတပ်ဖွဲ့ဝင် နှစ်ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရဲတပ်သားသစ်အများဆုံး စုဆောင်းနိုင်သည့် ပထမဆုနှင့် ဒုတိယဆုတို့အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦး၊ ပြည်သူ့စစ်တစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးတို့အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ချက်များ Video Clip ကို ပြသခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)