ဘားအံ အောက်တိုဘာ ၁
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများ ဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နေမှုများသည် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ထံမှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ဖတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်တို့က ရဲလုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် သင်တန်းထူးချွန်ဆုရ တပ်ဖွဲ့ဝင်များအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြပြီး ထူးချွန်ဆုရတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားကာ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများနှင့် မှုခင်းပညာပေး ပြခန်းယာဉ်တို့အား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်နယ်အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က Mobile Tablet ဖြင့် GIS application Software အသုံးပြု၍ ဘားအံမြို့နယ်အတွင်း ကမော့ကစင်၊ ရဲသာ၊ အမှတ် (၃) ရပ်ကွက်၊ ရပ်ကွက်/ကျေးရွာ သုံးခုတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအခြေအနေ၊ ကြီးကြပ်သူနှင့် စာရင်းကောက်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေ၊ မေးခွန်းများ မေးမြန်းဖြေကြားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)