မကွေး အောက်တိုဘာ ၁
၂၀၂၃ ခုနှစ်၊ (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က ဖတ်ကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း အကြမ်းဖက်အုပ်စု PDF အဖွဲ့များနှင့် စွမ်းစွမ်းတမံ တိုက်ပွဲဝင်စဉ်က ဒဏ်ရာရ/ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမြင့်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း အစီအစဉ် ဆောင်ရွက်ပြီး မှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)