နေပြည်တော်၊ အောက်တိုဘာ ၁

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို  ယနေ့တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ  မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးဖြစ်သူ ချင်းပြည်နယ် ပလက်ဝမြို့နယ်က အဘိုးဦးအောင်ထွန်း (၁၂၁) နှစ်နှင့် အသက်အကြီးဆုံး အဘွားဖြစ်သူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှ အဘွားဒေါ်ချောယဥ် (၁၂၃) နှစ်တို့ကို  ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀) သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ် ဂုဏ်ပြုပြီးဖြစ်ကြောင်း၊  ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ သက်ကြီးဦးရေ (၅ ဒသမ ၂) သန်းခန့်ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန၏၂၀၂၃ ခုနစ် အောက်တိုဘာ ၁ ရက်နေ့ရှိ ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးရွယ်အိုများ ဦးရေသည် (၆ ဒသမ ၃) သန်းကျော်ထိ တိုးလာပါကြောင်း၊  သို့ဖြစ်၍  နိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ လူမှုရေးဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) အရ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍  တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ထောက်ပံ့လျက်ရှိရာ လက်ရှိတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ (၁၉၈,၇၂၁) ဦးရှိကြောင်း၊  သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဆိုင်ရာ ကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီး  ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အ‌ရေးများကို  လူ့အဖွဲ့ အစည်းတစ်ခုလုံးက ဆက်လက် ကြိုးပမ်းဖြည့်ဆည်းပေး ကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက ဘိုးဘွားများကို ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနက အဘိုး အဘွားများကို ဆေးစစ်ဆေးမှု (Medical Check Up) ဆောင်ရွက်ပေးကြသည်။

ယခုနှစ် (၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်သည် “သက်ကြီးသူများဘဝ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့် ဆည်းကြပါစို့” “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်