နေပြည်တော်၊ အောက်တိုဘာ ၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ခုတင် (၃၀၀) ဆံ့ပြည်သူ့ ဆေးရုံကြီး (ပြင်ဦးလွင်) မှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ယခင်ထက် ပိုမိုဝယ်ယူထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအတွက် ပြည်သူလူထုစိုက်ထုတ် သုံးစွဲငွေ (out of pocket expenditure) သက်သာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍကိုလည်း စနစ်တကျဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကု ဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်းမြစ်များကို အရှိန်အဟုန်မြှင့်ကာ မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ကြေးများ၊ ဝတ်စုံစရိတ်၊ ပညာရှင်ကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက်ပိုမို စနစ်ကျ တိုတက်စေရေး ဆေးနှင့် ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတို့ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး၊ အလေအလွင့်မရှိစေရေး အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက မိမိတို့သက်ဆိုင်ရာအထူးကု ဘာသာရပ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဖြည့်စွက်ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသိုလှောင်ခန်းတွင် ဆေးများ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ Medical Resort Center ပြင်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခွဲစိတ်ခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများကိုကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်