နိုင်ငံတော်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် အေးချမ်းဖူလုံစွာဖြင့်  နေထိုင်လုပ်ကိုင်လိုကြသည့်ဆန္ဒ အားလုံးတွင်ရှိကြရာ ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးကို လိုလားနေကြသည်။

 

ပြည်သူလူထု၏ ဆန္ဒ၊ လိုလားချက်၊ မျှော်လင့်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ငြိမ်းချမ်းရေးသည် အဓိကကျပြီး ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် ပဓာနအချက်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးသည် ဦးစွာလိုအပ်သဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရေးဆွဲပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ ပြည်တွင်း/ပြည်ပ အသိသက်သေများရှေ့မှောက်တွင် လက်မှတ် ရေးထိုးထားသည်။ ဆက်လက်၍ ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲ ဖွင့်လှစ်ကြိုဆိုလျက်ရှိပြီး အားလုံးပါဝင်လာနိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

 

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ တတိယအချက်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း  ဖြစ်နိုင်သမျှ  အလေးထားလုပ်ဆောင်သွားမည်” ဟု  ချမှတ်ထားသည်။ သို့သော်အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက  တပ်မတော်၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ရမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီချက်ကို ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ်ပျက်ပြယ်ပြီဟု အခြေအမြစ်မရှိ ပြောကြားခဲ့သည်ကို ကြားသိကြရမည်ဖြစ်သည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံစဉ် “မိမိအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးကိုသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန်ရောက်ရှိ လာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိ ပါကြောင်း” ပြောကြားခဲ့သည်။

 

ထို့အပြင် “NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ  လက်လွတ်စပယ် ပြောကြားမှုများကို လက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ မိမိအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားပါကြောင်း၊  ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက်  လက်နက်ကိုင် လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကိုသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့်  NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က  “NCA  စာချုပ်သည် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ချုပ်ဆိုသည့် အမြင့်ဆုံး စာချုပ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတော်တို့ ချုပ်ဆိုထားသည့် ကတိကဝတ်ပင် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း နိုင်ငံတော်နှင့်နိုင်ငံသားတို့အကြား အာမခံချက်ပေးထားသည့် ကတိကဝတ်နှင့် သဘောတူညီချက်တစ်ခုဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူလူထု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ ပြည်သူလူထု၏ဆန္ဒဖြစ်သော NCA စာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲနှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှ ပေါ်ထွက်လာသည့် သတင်းကောင်းများသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးသာမက  မြန်မာနိုင်ငံ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို အစပြုလိုက်နိုင်ပြီဖြစ်ရာ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း။

 

ကြေးမုံ